အခန်း {၁၉}
လျှို့ဝှက်ချက်
ညသန်းခေါင်ယံအချိန်ကို ကျော်လွန်သွားပြီဖြစ်သည်။ ကုယွင်မှာ နွမ်းနယ်ညောင်းညာလွန်းနေပြီး အခန်းသို့ ပြန်အနားယူရန်တွေးထားသော်လည်း ရှန်ယိစကားများ၏ သက်ရောက်မှုကြောင့် ခြေလှမ်းများက မသိမသာဖြင့် အိမ်အနောက်ဝင်းထဲသို့ ဦးတည်ခဲ့မိတော့သည်။ထိုအချိန်တွင် နန်းမြို့တော်တစ်ခွင်လုံး၌ မီးလင်းနေသော မီးအိမ်မီးပုံးဟူ၍ မရှိတော့။ ချန်ကန်းသည် စောစောကတည်းက အိပ်ရာဝင်သွားလေပြီ။ ကုယွင်က အပြင်ဘက်ရှိ အိမ်စေများကိုလန့်မနိုးစေဘဲ ခြေဖွဖွနင်းကာ သူ့အခန်းထဲသို့ဝင်သွားလိုက်သည်။ ပြတင်းပေါက်မှဝင်လာသော နှင်းဖြူဖြူမှ အရောင်ပြန်ဟပ်သည့်အလင်းကို အားကိုး၍ လက်ဆန့်ကာ ချန်ကန်းအား စောင်ဆွဲခြုံပေးရန်ပြင်လိုက်သည်။ ရုတ်တရက်ဆန်စွာ ကုယွင်သည် အနှီကလေးမှာ အေးအေးချမ်းချမ်းအိပ်ပျော်နေခြင်း မဟုတ်ဘဲ အိပ်မက်ဆိုးမက်ကာ အိပ်မက်ယောင်နေရှာသည်ကို တွေ့လိုက်ရသည်။
[ အမတ်မင်းအိမ်တော်ရာမှာ နေရတာ အသားမကျသေးလို့များလား? ]
ကုယွင်က ထို့သို့တွေးလိုက်မိပြီး သူ၏အေးစက်နေသော လက်ချောင်းများဖြင့် ချန်ကန်း၏လက်ကောက်ဝတ်၌ တွယ်ချိတ်ဆုပ်ကိုင်လိုက်သည်။
ချန်ကန်းမှာ ပြင်းပြင်းထန်ထန်တုန်ယင်လျှက် လန့်နိုးလာပြီး အသက်ပြင်းပြင်းရှုကာ ထိတ်လန့်တကြား ထထိုင်လာတော့သည်။ မျက်ဝန်းထဲတွင်ရှိသော ကြောက်ရွံ့တုန်လှုပ်ခြင်းများက မပြယ်သေးပေ။ ခပ်တွေတွေဖြင့်သာ ကုတင်ဘေးရှိလူကို စိုက်ကြည့်နေလိုက်သည်။
ကုယွင်က သူ့၏လက်ကောက်ဝတ်ကို အသာအယာရမ်းခါလိုက်ပြီး နွေးထွေးစွာဆို၏။
" အိပ်မက်ဆိုးမက်နေတာလား? ဘာတွေမက်လို့လဲ? "
ချန်ကန်းသည် စစချင်းတွင် တုန်ပြန်မှုမရှိ။ အတန်ငယ်ကြာသောအခါမှသာ ရှုပ်ထွေးပြန့်ကျဲနေသည့် အကြည့်အာရုံများက တစ်စုတစ်စည်းတည်း ဖြစ်သွားတော့သည်။ ကုယွင်အား စိုက်ကြည့်နေသော သူ့၏ မျက်ဝန်းတစ်စုံသည် ညဉ့်နက်သန်းခေါင်ယံရှိ တောက်တောက်ပပလောင်ကျွမ်းနေသော မီးလျှံနှစ်ဖြာနှင့် တူသည်။ သူသည် ရုတ်ချည်း ကုယွင်၏ခါးကို ဆွဲဖက်ပစ်လိုက်၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။