အခန်း {၄၀}
မျောက်များကိုတိုက်ခိုက်ခြင်း
တောင်ထိပ်မှာ အလံကြီးတစ်ခု တဖြည်းဖြည်း လွှင့်ထူလာသည်။ ရုတ်တရက် ကြည့်လိုက်လျှင် "ရှင့်ဟွားချွင်း" ဟုပင် ထင်လိုက်မိရသည်။ လေအဝေ့တွင် အလံပြန့်ဆန့်သွားကာမှ သေချာကြည့်ကြည့်သော် "ရှင့်ကျစ်လင်" [1]ဟု ရေးထားခြင်း ဖြစ်ပေသည်။ ကြီးကြီးငယ်ငယ် တောဓားပြများသည် မြက်ပင်ချုံပုတ်များကို အကာအကွယ်ယူ၍ ဦးခေါင်းများထွက်လာသည်။ ကိုယ်ပေါ်တွင် လက်လုပ်သံချပ်ကာများကို ဝတ်ဆင်ထားပြီး လေးရှည်နှင့် ဓားတိုများက တောင်အောက်ရှိလူများကို ချိန်ရွယ်ထားပေသည်။
တောင်ပေါ်မှ ငွေရောင်အလင်းတန်းတစ်ခု လက်လာရာ ချန်ကန်းက ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါ ဘယ်ကနေဓားပြတိုက်လာမှန်းမသိသော လေးလံသော သံချပ်ကာတစ်စုံက တောင်ထိပ်တွင် မားမားမတ်မတ်ရပ်နေသည်။ မျက်နှာဖုံးအောက်ကလူကို သေချာမမြင်ရပေ။ ပစ်မှတ်တစ်ခု ဖြစ်နိုင်သည်။
သည်ဓားပြများမှာလည်း ဓားပြတိုက်ရင်း တိုက်ရင်းနှင့် အန်းတင့်အမတ်မင်းကိုမှ တည့်တည့် လာဓားပြတိုက်မိကုန်ပါပြီ။ ချန်ကန်းမှာ ရယ်လည်း ရယ်ချင်၊ သနားလည်း သနားမိပေ၏။
သို့ရာတွင် သူကခေါင်းလှည့်ကြည့်လိုက်သော် ကုယွင်ကတော့ ပြုံးမနေပေ။ ပြုံးမနေရုံတင်မကဘဲ မျက်နှာအရောင်က လွန်စွာကြည့်ရဆိုးနေပြီး အံကြိတ်လျက် စကားနှစ်လုံးကိုသာ ဆိုသည်။
" ငတုံးတွေ "
ချန်ကန်းက ဖျတ်လတ်စွာ အပြေးလေး တွေးကြည့်လိုက်ပြီး တီးတိုးပြောမိသည်။
" အဲ့ဒါဆို နန်ကျန်း(တောင်ပိုင်းနယ်စပ်)အရာရှိတွေက ဓားပြတွေနဲ့ ပူးပေါင်းအကောက်ကြံနေတယ်ဆိုတဲ့ ကိစ္စက ကောလဟာလမဟုတ်ဘူးပေါ့.. တကယ်ကြီးပေါ့? "
ကုယွင်က ဘာမှပြန်မပြောချေ။ မျက်နှာကသာ ပိုမို တည်ကြည် လေးနက်လာသည်။
မဟာလျန်ပြည်ကြီးတွင် အရှေ့ပင်လယ်၏ အထူးထွက်ကုန်မှာ ပုလဲလုံးများဖြစ်သည်။ လိုလန်၏ အထူးထွက်ကုန်မှာ အရက်ကောင်းဖြစ်သည်။ နန်ကျန်း၏ အထူးထွက်ကုန်မှာတော့ တောဓားပြများသာဖြစ်၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။