{၆၂}

689 104 21
                                    

အခန်း {၆၂}

မြို့တော်ကိုဝိုင်းထားခံလိုက်ရခြင်း

ဗလာကျင်းနေသော မြို့ကြီးသည် လူ၏ မွေးညင်းများ ထောင်ထသွားစေမတတ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အထီးကျန်ကျန် ခြောက်လှန့်နေပေသည်။ အရှင်ယာက လက်ကိုဝှေ့ယမ်းကာ လက်အောက်ငယ်သားများအား မြို့တွင်းရှိ အိမ်များ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကြည့်စေလေသည်။

မြစ်ကမ်းနံဘေးတစ်လျှောက်တွင် အစီအရီ ဆောက်ထားပါသော အိမ်ဝန်းခြံဝန်းတို့သည်ကား အကွေ့အကောက်ပေါင်းများစွာနှင့်။ ရပ်ခြားဒေသမှလာသော တစ်ပါးသူတို့အဖို့ ထိုသို့နေရာမျိုးတွင် ဟိုဝင်သည်ထွက် ၊ ဟိုသွားလိုက် သည်သွားလိုက်နှင့် လုပ်နေရုံဖြင့်တောင် မြောက်အရပ်ကို ပြန်ရှာတွေ့ဖို့ မလွယ်တော့ပေ။ တစ်ခါတစ်ရံတွင် လမ်းခုလတ်၌ ပိတ်ဆို့တားဆီးထားသော ဧရာမ ကျောက်တုံးကြီးများကိုလည်း တွေ့ရသေးသည်။ နဂိုကတည်းက လမ်းပျောက်လွယ်စေသော မြေအနေအထားဖြစ်ရာ ပို၍ပို၍ပင် ရှုပ်ထွေးခက်ခဲလာကုန်တော့၏။

အရှင်ယာ၏ စိတ်ထဲတွင် ရုတ်ခြည်း နိမိတ်မကောင်းသော ခံစားချက်တစ်မျိုး ဝင်ရောက်လာတော့သည်။ ရုတ်တရက်ဆိုသလိုပဲ မိမိ ဇွတ်တရွတ် အတင့်ရဲ၍ ချင်းနင်းဝင်ရောက်လာမိခြင်းကို နောင်တရလာသည်။

ထိုအချိန်တွင် အနောက်တိုင်းသား စစ်သည်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အနားရှိ ရှိရှိသမျှ လူအပေါင်းတို့လည်း ချက်ချင်း ကျီးလန့်စာစားပမာ ကြောက်အားလန့်အားဖြင့် ဓားထုတ်သူက ထုတ်နှင့် ဖြစ်ကုန်သည်။ သံမဏိသံချပ်ကာ ဝတ်ဆင်သော စစ်သည်များက စည်းဝိုင်းတစ်ဝိုင်းပမာ ဝန်းရံကာကွယ်လိုက်ကြပြီး မည်းမည်းတူးတူး အမြောက်ပြောင်းဝများကိုမူ အနှီထူးခြားဆန်းပြားနေသော ကျိုင်းပင်ကြီးကို ချိန်ရွယ်ထားကြသည်။ အဘယ့်ကြောင့်မူ အနှီကျိုင်းပင်ကြီးထက်တွင် တယမ်းယမ်းဖြစ်နေသော တွဲလျောင်းချိတ်ထားသည့် အနောက်တိုင်းသား စစ်သည်တစ်ဦးရှိနေသောကြောင့်ပင်။ ထိုသူ့၏ ဦးနှောက်တစ်ခြမ်းက ပွင့်ထွက်နေပြီး မည်သည့် စစ်မြေပြင်တွင် သေဆုံးခဲ့သည်မသိ။ အနှီ အသားစများ အဖတ်လိုက် ပွစာကြဲနေသော ဦးခေါင်းပေါ်တွင် ဖြူဆုတ်နေသော မုန့်ပြား မျက်နှာပုံ မျက်နှာဖုံးတစ်ခု ချည်နှောင်ဖုံးအုပ်ထားရာ----- သည်တစ်ခေါက် မျက်နှာဖုံးကတော့ ငိုကြွေးနေသည့်မျက်နှာပုံဖြစ်၏!

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now