အခန်း {၆၉}
ဘဝသရုပ်မှန်
ကျုံးယွမ်တစ်လျှောက်ရှိ ဓားပြများနှင့် သောင်းကျန်းသူများသည် ချိုက်ဖန်းအား အလွန်ပင် စိတ်ညစ်ညူး အာရုံနောက်စေခဲ့သည်။ စစ်သူကြီးချိုက်သည်လည်း အိုမင်းနေချေပြီ။ လက်အောက်ရှိ ကျုံးယွမ်စစ်တပ်ကြီးသည်လည်း အမြင်အရသာ အင်အားကြီး သန်မာကြံ့ခိုင်နေပေသည်။ တကယ်တမ်းတော့ တချို့လူများက သူတို့အား "အငြိမ်းစားစစ်တပ်" ဟုလည်း ခေါ်တတ်ကြလေသည်။ ၄င်းသည် ဝေးလံခေါင်းဖျားတွင် အခြေစိုက်တည်ရှိပြီး နယ်စပ်ဒေသများ အားလုံး၏ အလယ်တွင် ငြိမ်သက်အေးဆေးစွာ ရှိနေလေသည်။ ရံဖန်ရံခါ ထကြွမှုများကို နှိမ်နှင်းရတတ်သည်ကလွဲ၍ သာမန်အားဖြင့် နယ်စပ်ဒေသများသို့ စစ်ကူတပ်ပို့ပေးရာတွင်သာ သုံးလေ့ရှိကြသည်။
သို့ရာ ဤအချိန်တွင် အနောက်နယ်စပ်နှင့် မြောက်နယ်စပ် နှစ်ဖက်လုံးက ချိုက်ဖန်း၏ စစ်အင်အားကို မျှယူသုံးစွဲ ထားကြသည်။ သူ့လက်ထဲတွင်လည်း လင်းယုန်စစ်သည်မရှိ။ ထို့အပြင် နဂိုကတည်းက အင်မတန် သတိထားဆင်ခြင်တတ်သော အကျင့်ရှိသူဖြစ်၍ နည်းနည်းလေးမှ မစွန့်စားရဲပါပေ။ သည်လိုနှင့် သောင်းကျန်းသူ ပြည်သူများ၏ နှောင့်ယှက်မှုကို တောက်လျှောက်ခံနေရလေတော့သည်။
ကုယွင်သည် အချိန် သုံးလေးငါးရက် အကုန်ခံ၍ ဤသောင်းကျန်းသူတစ်သိုက် လာရာလမ်းနှင့် ဇာစ်မြစ်တို့ကို စုံစမ်းလေ့လာလိုက်သည်။ ထို့နောက် မြေပုံကို ကြည့်ကာ ကိုယ်တိုင်ကိုယ်ကျ မြေနေရာ အနေအထားကို ရင်းနှီးကျွမ်းဝင်အောင် လုပ်သည်။ ပြီးနောက်တွင် စစ်သူကြီးချိုက်အား လူလွှတ်၍ ဆက်သွယ်လိုက်ပြီး နှစ်ဖက်ညှပ်တိုက်ကာ အိုးကင်းကပ်ရန် ပြင်ဆင်လိုက်တော့သည်။
ပုန်ကန်သူဓားပြများသည် ရွှေမြို့တော်ကလာသော တပ်ဖွဲ့အား မည်သူ ဦးဆောင်မှန်းလည်း မသိကြချေ။ သူတို့က ကြိမ်ဖန်များစွာ သွေးတိုးစမ်းပြီးနောက်တွင် အနှီတပ်ဖွဲ့က ချိုက်ဖန်း၏တပ်ဖွဲ့ထက်တောင် ပျော့သေးကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည် လေးလံသော သံချပ်ကာဝတ်စစ်သည်များနှင့် လက်နက်ခဲယမ်းများကို ပြကာ လူကို ခြောက်တတ်ကြသော်ငြား ဘယ်တုန်းကမျှ တကယ်မပစ်ခဲ့ပေ။ အမြဲလိုလို မြင်းစီးစစ်သည်များသာ ထွက်တိုက်တတ်ပြီး နောက်ကနေ တစ်မိုင်၊ နှစ်မိုင်မျှ လိုက်လာပြီးလျှင် ပြန်တပ်ခေါက်သွားတတ်ပေသည်။ သို့ဖြင့် ဓားပြများ၏ စိတ်ထဲတွင်တော့ အနှီတပ်ဖွဲ့သည် အပေါ်ယံ ဟိတ်ဟန်သာရှိပြီး အမှန်တကယ်က သုံးစား၍ မရသော တပ်ဖွဲ့ဟု မှတ်ယူထားကြပေ၏။ ထို့ကြောင့်မို့ ဓားပြများက အနှီတပ်ဖွဲ့အား ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်တွင် ချိုက်ဖန်းက လေအလျင်ဖြင့် ဝုန်းကနဲ ရောက်လာသည့်ပမာ ရောက်လာပြီး သူတို့နောက်သို့ လိုက်ဖမ်းတော့လေသည်။ ယခင်က ခုခံရုံသာရှိပြီး လိုက်ဖမ်းခြင်းမရှိတတ်သော ကျုံးယွမ်စစ်တပ်ကြီးရှိ လက်ကျန် အစောင့်တပ်သားများသည် ရုတ်ခြည်း အလစ်ဝင်တိုက်ကာ သောင်းကျန်းသူ သူပုန်များကို ဝိုင်းရံပိတ်ဆို့ကာ ဖမ်းဆီးတော့သည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။