အခန်း {၆၃}
မြို့တံတိုင်းပြိုခြင်း
အနောက်တိုင်းသား သံတမန်တစ်ဦးကြောင့် နန်းတွင်းညီလာခံတစ်ခုလုံး ပွက်လောရိုက်နေကာ သူသူငါငါ မှုးကြီးမတ်ရာတို့လည်း ခေါင်းခဲနေကြရပေသည်။ ညီလာခံရုပ်သိမ်းပြီးနောက်တွင် ချန်ကန်းသည် အနှီ ကိုယ်ကျိုးအတွက် ရင်ထဲတွင် ကိစ္စများသိုဝှက်ထားသော သူတို့အား အရေးမစိုက်ဘဲ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ဖုန့်ဟန်ဖိုးဖိုးကို တွဲကူပြီး နန်းတော်အပြင်သို့ ထွက်လာခဲ့၏။
ရွှေမြို့တော်မှ ပြည်သူအပေါင်းတို့သည်လည်း ထိတ်လန့်တကြားနှင့်သာ။ စီးတော်ယာဉ်မြင်းလှည်းတို့သည်လည်း မလုံလောက်ကြတော့ပေ။ ပုံမှန်အားဖြင့် ကုယွင်က ချန်ကန်းအား ကြိုပေးရန်အတွက် ဟော့သမ်းကို နန်းတော် အပြင်ဘက်တွင် မြင်းဆွဲ၍ စောင့်နေစေတတ်သည်လေ။ ဤနေ့တွင်တော့ ဟော့သမ်းက မည်သို့ဖြစ်သည်မသိ။ နောက်ကျလို့နေပေ၏။ ရုတ်တရက် လူကို မတွေ့ရသေးချေ။
ချန်ကန်းသည် အစက သတိမထားမိသေး။ သူက လင်ရှူးကျောင်းတော်၏ အကြီးအကဲနှင့် လက်ချင်းတွဲလျက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာနေသည်။
ဖုန့်ဟန်ဖိုးဖိုးသည် တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ် လင်ရှူးကျောင်းတော်ထဲ၌သာ အချိန်ကုန်နေရပြီး မျက်ကွင်းများပင် ချိုင့်ဝင်သွားချေပြီ။ လူတစ်ကိုယ်လုံးဟာလည်း အရည်ညှစ်ထုတ်ထား၍ ခြောက်ကပ်သွားသော မုန်လာဥပမာပင်။ သူ့တွင် အရပ်လေးမျက်နှာသို့ တောက်ပလင်းလက်သော အလင်းများ ထုတ်လွှတ်နေသည့်နှယ် မျက်ဝန်းတစ်စုံသာ ကျန်ရှိတော့ပေသည်။ အတော်လေး ပင်ပန်းနွမ်းနယ်ကာ ကျန်းမာရေး ထိခိုက်ခဲ့ရပုံပါပင်။
" အရှင့်သားလို စိတ်ရှည်လက်ရှည်နဲ့ အဖော်ပြုပေးနိုင်သူမို့သာ ကျွန်တော်တို့လို ခြေတွေ လက်တွေမကောင်းတော့တဲ့ အဖိုးကြီးကို သည်းခံဖေးမနိုင်တာပါပဲဗျာ "
ဖုန့်ဟန်ဖိုးဖိုးက သက်ပြင်းချလေ၏။
" စစ်ကူတပ် သတင်းရော ကြားမိသေးလား.. ဘယ်အချိန်ကျမှ ရောက်လာနိုင်မှာလဲ? "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။