အခန်း {၇၀}
မကောင်းဆိုးဝါးနတ်ဆိုး
ကုယွင်က မျက်မှောင်ကြုတ်၍ ခေတ္တမျှ စေ့စေ့စပ်စပ် ပြန်တွေးကြည့်လိုက်သည်။
" နားယဉ်နေတယ်.. ကြားဖူးတယ်........ မြောက်ပိုင်းက ဘာနတ်ဆိုလား ဖြစ်မယ်ထင်တယ်? "
" မျိုးနွယ်စု (၁၈) စုက ကိုးကွယ်ယုံကြည်တဲ့ နတ်ဆိုးကြီးလေးပါးရဲ့ ခေါင်းဆောင်ပါ "
ချန်ချင်းရွှိက ဆက်ပြောလာသည်။
" ဒဏ္ဍာရီအရ သူ့မှာ လက်လေးဘက်၊ ခြေလေးဘက်၊ ဦးခေါင်းနှစ်လုံးနဲ့ စိတ်နှစ်ခု ရှိပါတယ်တဲ့.. သူက သဘာဝကပ်ဘေးနဲ့ ငတ်မွတ်ခေါင်းပါးခြင်းကို အဓိက တာဝန်ယူဖျက်စီးပါတယ်.. ဝူးအာကူက ပင်ကိုစရိုက်ကိုက အင်မတန် လောဘကြီးတာကြောင့် သူထွက်ပေါ်လာပြီဆိုတာနဲ့ မိုးမြေနှစ်ပါး အရောင်ပြောင်းရပြီး သက်ရှိသတ္တဝါမှန်သမျှ ဝါးမျိုခံရမယ်လို့ ဆိုကြတယ်.. သူက မြောက်ပိုင်းလူရိုင်းတွေ အထိတ်လန့် အကြောက်ရွံ့ဆုံး နတ်တစ်ပါးပဲ "
ကုယွင်သည် "အွန်း" ကနဲသာ အသံပြုလိုက်သော်လည်း သိပ်နားမလည်နိုင်ချေ။
" ကျွန်မ မြက်ခင်းပြင်ဒေသကို နှစ်ဝက်ကျော် နက်နက်နဲနဲ ဝင်ရောက်လေ့လာခဲ့ပါတယ်.. ဒါပေမယ့် အခုချိန်ထိ မျိုးနွယ်စု (၁၈) စုရဲ့ စုန်းအတတ်ပညာနဲ့ ဖော်စပ်ထားတဲ့ အဆိပ်ဖော်နည်းတွေနဲ့ ပတ်သတ်ရင် အပေါ်ယံလောက်ပဲ သိတယ်လို့ ပြောရပါမယ်.. နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် သိရှိနိုင်ဖို့ဆိုတာ ကျွန်မတို့လို နယ်ခြားမြေခြားက လူမျိုးခြားတွေ အတွက် လုံးဝ မဖြစ်နိုင်ဘူး----- သူတို့ရဲ့ အဆိပ်ဖော်နည်း တော်တော်များများက သူတို့ရှေးမိရိုးဖလာ နတ်ဆိုးတွေရဲ့ ဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေတတ်ကြတာချည်းပဲ.. အဲ့ထဲက အရက်စက်ဆုံး တစ်ခုကတော့ "ဝူးအာကူ" လို့ခေါ်တယ်.. "
ချန်ချင်းရွှိက ခဏမျှ ရပ်တန့်လိုက်သည်။
" 'လက်လေးဘက်၊ ခြေလေးဘက်၊ ဦးခေါင်းနှစ်လုံး၊ စိတ်နှစ်ခု' .. ဆိုတာကို စကားလုံးတွေကိုပဲ ကြည့်မယ်ဆို.. အမတ်မင်း စိတ်ထဲမှာ ဘာနဲ့တူတယ်ထင်မိလဲ? "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။