အခန်း {၅၄}
အံ့အားသင့်ဖွယ်အပြောင်းအလဲ
ချန်ကန်းသည် အတော်ကြာသည်အထိ တောင့်တောင့်ကြီးရပ်နေမိလေသည်။ ပြီးမှ သူက ရေပူစမ်းကန်ဘောင်နံဘေးသို့ လျှောက်လာလိုက်ပြီး ဖြည်းညှင်းစွာဖြင့် ဒူးထောက်ချလိုက်သည်။ သူ့၏မျက်လုံးများကမူ ကုယွင်ကိုယ်ပေါ် နေရာအပြည့်ယူထားသည့် ဒဏ်ရာအမာရွတ် အများအပြားထံ၌သာ။
နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဉာဉ့်လယ်ခေါင်တွေမှာ ဝူးအာကူကြောင့် အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာတိုင်း သူတစ်ယောက်တည်း ကုယွင် ဆိုသော နာမလေးတစ်ခုကို အကြိမ်ကြိမ် အဖန်ဖန် ရေရွတ်လာခဲ့သည်မှာ အလွန်ပင် ကြာခဲ့ပြီ.....
ချန်ကန်းသည် ငယ်စဉ်ကတည်းက အေးချမ်းတိတ်ဆိတ်စွာနေရသည်ကို နှစ်သက်လှသည်။ ထိုအချိန်က သူမကြာမကြာတွေးဖူး၏။ သူ့၏ ယခုကဲ့သို့ ဖျတ်လတ်တက်ကြွလွန်း အားကြီးနေသော ရိဖုကလေးအား မည်သို့မျှ နားမလည်နိုင်ပေ။ နောက်ပိုင်း သူ ထပ်ခါထပ်ခါ တွေးတောဆင်ခြင် သုံးသပ်ပြီးနောက်တွင်မူ သူ့ရင်ထဲ၌ ထူးဆန်းသော မေးခွန်းတစ်ခု ဖျတ်ကနဲ ပေါ်လာတော့သည်။ ကုယွင်က...... ဘယ်လိုလုပ် ဒီလိုလူမျိုးအဖြစ် ကြီးပြင်းသွားရတာလဲ?
စဉ်းစားကြည့်လျှင် ကုယွင်သည်ကား အန်းတင့်အမတ်မင်းဟောင်းနှင့် ပထမမင်းသမီးကြီးတို့၏ တစ်ဦးသည်းသော သားရတနာလေးဖြစ်၏။ ခေတ်တစ်ခေတ်၏ ရှားပါးလွန်းလှသော ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးကျယ်မြင့်မြတ်လွန်းလှသည့် အသရေတင့် အမျိုးမြတ် သခင်လေးတစ်ပါးဖြစ်သည်ပင်။ ဘယ်လောက်တောင်မှ အဖိုးအနဂ္ဃထိုက်တန်ကာ သြဇာတိက္ကမကြီးမားလွန်းသော လူတစ်ဦးဖြစ်ပေမည်နည်း။ သို့ပေမင့် သူသည် ငယ်ရွယ်စဉ်ကာလ၌ပင် အကြားအာရုံနှင့် အမြင်အာရုံကို ဆုံးရှုံးလိုက်ရပြီး မိမိ ဖခင်အရင်း၏ သံပြားတစ်ခုကို ပုံသွင်းလေ့ကျင့်သည့်ပမာ ရိုက်နှက်၊ ဖိအားပေးကာ ရှေ့ဆက်တိုးရန်စေခိုင်းခြင်းကို ခံခဲ့သည်။ ဒဏ်ရာဗရပွနှင့် အတောင်ပံငယ်လေးများတောင် အမွေးအတောင်မစုံခင်တွင် သူသည် မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးလိုက်ရပြန်သည်။ အတိတ်အချိန်က သံနက်တပ်ရင်း၏ ဘုန်းတန်ခိုးအရှိန်အဝါတို့ဟာ မှိန်ဖျော့ပျက်ပြယ်လာပြီး နက်ရှိုင်းရှုပ်ထွေးလှသော နန်းတော်ကြီးထဲ၌ တစ်ယောက်တည်း ပိတ်မိသွားရှာသူ....... ထိုကဲ့သို့သော လူတစ်ယောက်သည် ငယ်စဉ်အချိန်ကတည်းက ဤသို့ များပြားလှသော စိတ်ဒဏ်ရာများကို ကြုံတွေ့ခဲ့ရဖူးလျှင်... အကယ်၍ အေးစက်တိတ်ဆိတ်နေသည့် အကျင့်မျိုးရှိသည့်ဘက် ရောက်မသွားလျှင်တောင် အနည်းဆုံးတော့ ဟိုခုန်သည်ပေါက် တက်ကြွမြူးထူးစွာ ဆော့ကစားနေနိုင်မည်မဟုတ်ချေ။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။