အတွဲ {၁}
~ ဆောင်းခိုငှက်တို့ အိမ်မပြန်ပြီ ~
အခန်း {၁၁}
ပိုက်ကွန်သိမ်းခြင်း
ကုယွင် ဆိုသောသူသည် မွေးလာကတည်းက နှိမ့်ချချိုးနှိမ်တတ်သော အကျင့်စရိုက်များပါမလာခဲ့သူဖြစ်သည်။ ငယ်ရွယ်စဉ်အခါက မောက်မာဘဝင်မြင့်ခဲ့သမျှ အချို့ကိုမူ အနောက်နယ်စပ်ဒေသရှိ ဝါကျင့်ကျင့်သဲများ၏ တိုက်စားမှုကြောင့် ထိန်းသိမ်းသင့်သလောက် ထိန်းသိမ်းတတ်လာပြီဆိုသော်လည်း သူ၏ အတွင်းစိတ်မူရင်းသည်ကား ခွေးမြီးကောက်ကျည်တောက်စွပ်သကဲ့သို့ပင် ပြင်၍မရနိုင်ချေ ။
သူ၏ အကျင့်စရိုက်သည် မာန်မာနကြီးသည်။ ခေါင်းမာသည်။ ထိန်းချုပ်ခြင်းကိုမခံပေ။ ထို့အပြင် သာမန်လူများကိုလည်း အထင်မကြီးတတ်၊ မျက်လုံးထဲတွင် မထားတတ်ပေ။ ဤနှစ်ပေါင်းများစွာအတွင်းတွင် တပါးသူက ချီးကျူးပြောဆိုသည်ဖြစ်စေ၊ ဆဲဆိုကဲ့ရဲ့သည်ဖြစ်စေ သူသည် တစ်ကြိမ်တစ်ခါမျှပင် စိတ်ထဲမထည့်ခဲ့ပေ။
သို့သော်ငြား ဤမနက်ခင်းတွင်.. အယောင်ဆောင် အမည် ရှန်ရှစ်လျို့ဖြစ်သော ကုယွင်က မီးဖိုဆောင်အတွင်း ပျင်းတိပျင်းတွဲ အရက်သောက်နေစဉ် ရုတ်တရက် ရှန်ယိထံမှ ချန်ကန်းက သူ၏လက်ရေးကို တုပ အရေးကျင့်နေသည် ဟုကြားလိုက်ရသော တဒင်္ဂ၌ သူ့စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ကုယွင်၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်ခြင်း ဟူသည့်အရာကို ခံစားလိုက်မိခြင်းသာ ဖြစ်သည်။ ချန်ကန်းက သူ့လက်ရေးအပေါ်ကောင်းသည် ဆိုးသည် ပြောသည့်စကားများကိုလည်း တစ်လုံးတစ်ကြောင်းမကျန် ရှင်းရှင်းလင်းလင်း နားထောင်လိုသဖြင့် နားရွက်အပိုများပင် ထွက်လာစေချင်သည်အထိဖြစ်ရသည်။ တဖန် မိမိ၏ခွန်အားပညာမပြည့်ဝလျှင် နောင်လာကျောင်းသားကလေး ပညာယူမှားမည်ကိုလည်း တိတ်တိတ်လေးစိုးရိမ်မိသေးသည်။
ဖြစ်နိုင်သည်ကတော့ ဤအရာသည် ဖခင်လုပ်ဖူးသူတိုင်း၏ ပထမဆုံးအကြိမ်အဖြစ် ကလေးငယ်ထံမှ " ကျွန်တော်ကြီးလာရင် ကျွန်တော့်အဖေလိုလူမျိုးဖြစ်စေရမယ် " ဟူသောစကားကို တိတ်ဆိတ်စွာ ခိုးနားထောင်လိုက်ရပြီးနောက် ရင်ထိသွားသည့် ခံစားချက်ပင် ဖြစ်မည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။