{၅၇}

783 107 24
                                    

အခန်း {၅၇}

ကပ်ဆိုက်သောတိုင်းပြည်

" အရှင်မင်းကြီး.. အခုတော့ စိတ်ချသွားပြီမလား "

အရှင်ယာဆိုသူက အနှီဆံပင်အဖြူရောင်နှင့် ယောကျ်ားကို လက်လှမ်း၍ တွဲကူပေးလိုက်သည်။ လတ်စသတ်တော့ မဟာလျန်ပြည်သို့ အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာနေသော သူ့ကိုယ်သူ သံတမန်ဟု မိတ်ဆက်ထားသူသည် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ဖြစ်နေသည်ပင်။

အရှင်ယာ : " ကြားထဲမှာ အလွဲအချော်လေးတွေ အများကြီးရှိသွားပြီး စီစဉ်ထားတဲ့အတိုင်း အတိအကျတော့ မဖြစ်လာပေမဲ့ ဘာပဲဖြစ်ဖြစ် အဆုံးသတ်ရလဒ်ကတော့ အရှင် ဒီမှာအကြာကြီး ဖြုန်းတီးနှစ်မြုပ်ထားရတဲ့ အချိန်တွေနဲ့ ခွန်အားကို အလကားမဖြစ်စေခဲ့ဘူးလေ "

ပုပ်ရဟန်းမင်းကြီးသည် ပင်လယ်ပြင်ထက်၌ စိုးမိုးထားသော ရက်စက်ကြမ်းကြုတ်လှသည့် ပင်လယ်မိစ္ဆာ အုပ်စုအား စူးစိုက်ကြည့်နေလေသည်။ သူ့မျက်နှာထက်တွင် အပြုံးအပျော်မရှိ၊ ဝမ်းနည်းပူဆွေးခြင်းမရှိ။ အေးချမ်းငြိမ်သက်နေသော အသွင်ဖြင့်သာ။ ကြည့်ရသည်မှာ မည်သို့မျှ ဝမ်းမြောက်နေသည့်ပုံမ‌ပေါ်သည့်အပြင် ပြောမပြတတ်သော ပူပင်စိုးရိမ်နေသော အမူအရာမျိုး အနည်းငယ်ပါရှိပေသည်။

" အဆုံးသတ်ရလဒ်လို့ ပြောဖို့ကတော့ သိပ်စောလွန်းသေးတယ် "

ပုပ်ရဟန်းမင်းကြီးက ဆိုလေသည်။

" ကံကြမ္မာဆိုတာက အင်မတန် ထူးခြားဆန်းကြယ်လွန်းတဲ့ အရာပဲ.. လူတစ်ယောက်ရဲ့ ကံကြမ္မာကိုတောင် ဘယ်လိုနည်းနဲ့မှ မှန်းဆလို့မရတာ.. တိုင်းပြည်တစ်ပြည်ရဲ့ ကံကြမ္မာဆိုရင် ပိုဆိုးတာပေါ့? အဲ့လိုကိစ္စတွေက နတ်ဘုရားတွေပဲ သိနိုင်မယ့်ကိစ္စတွေပဲ "

အရှင်ယာ : " ဥပမာဆို ကျားလိုင်ယင်ဟော့ဆိုတဲ့ ငတုံးကောင်လိုမျိုးပေါ့.. ဒါလေးကို အောင့်မထားနိုင်ဘဲ.. အဲ့ဒီကိစ္စကို ကုယွင်သိအောင် ကြိုပြီး ထုတ်ပြောထားလိုက်တာမျိုးမလား? "

အနှီကျားလိုင်ယင်ဟော့သည်ကား ကုအိမ်တော်၏ နောက်ဆုံးမျိုးဆက်ဖြစ်သော ကုယွင်အား သေလောက်အောင် မုန်းတီးပေ၏။ သူ့၏ ဘဝတစ်လျှောက်လုံးတွင် ထိုအမုန်းတရားများကို ဖယ်လိုက်ပါက တခြားဘာမှမကျန်တော့ပေ။ သူသည် အစောကြီးကတည်းက ဝံပုလွေဘုရင်ဟူသော ဂုဏ်သိက္ခာအဆင့်အတန်းတို့ကို ချောင်ထိုးထားပြီးဖြစ်ချေသည်။ သူသည် ရူးနှမ်းနေသော ခွေးတစ်ကောင်ဘဝသို့ တိတိပပရောက်နေချေပြီ။ သူ့၌ လုပ်ငန်းကြီးကိစ္စကြီးအတွက် ရေရှည်ရှေးရှုကြည့်ခြင်း အလျဉ်းမရှိ။ သူ့မျက်လုံးထဲတွင် ကုယွင်ကိုသာ ထိုးနှက်နိုင်မည်ဆိုလျှင် တခြားသူတို့၏ မည်သို့သော အစီအစဉ် အကွက်ချမှုများ ပျက်ပြားသွားပါစေ လုံးလုံးဂရုမစိုက်တော့ပေ။ သို့ပေမင့် သူတို့အနောက်တိုင်းသားများမှာလည်း သည်လိုခွေးရူးနှင့် အလုပ်တွဲမလုပ်လို့ မရပြန်ဖြစ်နေ၏။ အနှီ မျိုးနွယ် (၁၈) စုနှင့် အလယ်ပိုင်းမြေပြန့်ဒေသလူမျိုးများအကြားတွင် ရှင်း၍ မကုန်တော့သော နက်ရှိုင်းလှသည့် အငြိုးအာဃာတများ အစောကြီးကတည်းက ဖြစ်တည်နေပေသည်။ ထိုနှစ်များတွင် နတ်ဘုရားမက ရွှေမြို့တော်တွင် ချန်ထားခဲ့သည့် လျှို့ဝှက်ဖုံးကွယ်ထားသော ခွန်အားတစ်ရပ်ကလည်း သိပ်ကို အရေးကြီးနေသေးသည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now