အခန်း {၅၈}
လေထဲ၌တွဲလဲခိုနေသည့်ဓား
လီဖုန်း တစ်ကိုယ်လုံး ယိမ်းယိုင်သွားရ၏။ ချန်ကန်းသည် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့်ပင် ရွှေပလ္လင်တော်ထက်သို့ လီဖုန်း ယိမ်းထိုးထိုင်ကျသွားသည်ကို ကြည့်ရင်း အသိစိတ်၏ အပြင်ဘက်ကလာသည့်အမည်မသိ ရက်စက်ကြမ်းကြုတ်လှသော ကျေနပ်အားရမှုများ တဖွားဖွားဖြစ်ပေါ်လာသည်။ သို့သော်ငြား ချန်ကန်းသည် သူ့ကိုယ်သူ အလွန်အမင်း ထိန်းချုပ်ထားကာ တဒင်္ဂအတွင်းတွင် ဘာသံမျှမထွက်ဘဲ မိမိလက်ဖဝါးကိုသာ မိမိဘာသာ ဆိတ်လိုက်၏။ ဤသို့ဖြင့် အနှီသွေးဆာနေသော တောင့်တမှုတစ်ခုအား ပြန်လည်ဖိနှိပ်ပစ်လိုက်သည်----- ၄င်းမှာ ဝူးအာကူကြောင့်ဖြစ်သည်။ သူ့၏ မူလစိတ်ရင်းမဟုတ်ပေ။
ချန်ကန်းက မည်သို့မျှ ရိုးသားမှုသိပ်မပါဘဲ နှုတ်ဖွင့်ဟလိုက်သည်။
" နောင်တော်.. ဂရုစိုက်တော်မူပါဦး "
သည်လိုကြည့်လျှင် နောက်ကွယ်တွင် "လီဖုန်းကို ခေါင်းဖြတ်သတ်လိုက်မယ်" ဟုသော စကားကို တစ်လုံးချင်း ပီပီသသ ပြောခဲ့သူမှာ သူမဟုတ်သည့်အတိုင်းပင်။
ယန့်ပေဝမ်၏ အနှီစကားတစ်ခွန်းထွက်လာတော့မှ ခန်းမဆောင်အတွင်းရှိ အော်ဟစ်ဆူညံနေကြသော စာပေပညာရှင်အမတ်များနှင့် စက်မက်ရေးရာမင်းမှုထမ်းများ အားလုံးက ဧကရာဇ်၏အခြေအနေကို သတိထားမိသွားကြတော့သည်။ အားလုံးက ပျာပျာသလဲ လျှောက်တင်လာကြတော့သည်။
" အရှင်မင်းမြတ် ဂရုစိုက်တော်မူပါဦး..... "
လီဖုန်း၏ အကြည့်များက ချန်ကန်းကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း ကျရောက်လာသည်----- အမည်ခံအရတော့ဖြင့် ဤသည်မှာ သူ့၏ တစ်ဦးတည်းသော ညီတော်ဖြစ်သည်ပင်။ သူကိုယ်တိုင်ကလည်း ထိုကောင်လေးကို သတိမထားခဲ့မိပေ။ မင်းသား (၄) လီမင်သည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ညီလာခံတက်လာသည့် တစ်လျှောက်လုံးတွင် မည်သို့မျှ အသံမထွက်ခဲ့ချေ။ ညီလာခံရှိ မှူးကြီးမတ်ရာများကိုလည်း သွားရောက်မိတ်ဖွဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် ကုယွင်၏ အရှိန်အဝါကို အသုံးချ၍တောင် စစ်မက်ရေးရာအရှာရှိကြီးများနှင့် စကားပြောဆိုခြင်း အလျဉ်းမရှိချေ။ သူက တစ်ခါတလေလေးမှသာ ဆင်းရဲနွမ်းပါးသော ဟန့်လင်ကျောင်းထွက်များနှင့် ကဗျာ၊ စာပေများ ဆွေးနွေးနေတတ်သည်လေ။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။