အခန်း {၇၃}
ပထမဆုံးတိုက်ပွဲ
ကုယွင်၏ ခါးပိုင်းနှင့် လည်ဂုတ်ပိုင်းရှိ အရိုးအဆစ်များတွင် ပြဿနာများ ရှိနေကြောင်းကို ချန်ကန်း အထူးတလည် စစ်ဆေးကြည့်ရန် မလိုပါချေ။ ကိုယ်ပေါ်ရှိ သံနက်သံချပ်ကာ ဝတ်စုံအား ချွတ်လိုက်ပြီး တစ်ချက်ခန့် ပွတ်သပ်ကြည့်လိုက်ရုံဖြင့်တောင် သိနိုင်လေသည်။
ချန်ကန်းသည် မဟုတ်မဟတ်သော အတွေးပေါင်းများစွာကို မောင်းထုတ်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
" ကျစ်ရှီ.. ချင်းချုံကို မချွတ်ဘဲနေတာ ဘယ်လောက်ကြာပြီလဲဟင်? "
" သံမဏိပြား ထောက်တိုင်တွေကို ဖြုတ်လိုက်ပြီးကတည်းက တောက်လျှောက် ဝတ်ထားတာ.... "
ကုယွင်က ဤအထိပြောပြီးသော် ခေတ္တမျှ ရပ်တန့်လိုက်သည်။ သူ့စိတ်ထဲတွင် တစ်နေရာရာက မှားနေသလို ခံစားရသောကြောင့် သေချာပြန်စဉ်းစာလိုက်ပြီးမှ ထပ်မံ ဖြည့်စွက်၍ ပြောလိုက်သည်။
" အွန်း၊ ရေချိုးတဲ့အချိန်တော့ သေချာပေါက် ချွတ်တာပေါ့၊ ငါက အဲ့သည် လျောင်ရန်လို ညစ်တီးညစ်ပတ်နေတတ်တဲ့ မြည်းကတုံးစုတ်မှ မဟုတ်တာ "
ချန်ကန်းက လက်တစ်ဖက်ကို ဆန့်တန်း၍ ကုယွင်ကို ဖိကာ ပြားကပ်နေအောင် မှောက်ထားစေလိုက်သည်။
" မလှုပ်နဲ့လို့---- ခင်ဗျားမှာ သူများကို သရော်ဖို့ စိတ်ကူးရှိသေးတယ်နော် "
ဤစစ်သူကြီးများသည် ငယ်ရွယ်စဉ်တွင် သြဇာတက္ကိမ ကြီးမားကာ ဟုန်းဟုန်းတောက်ခဲ့သော်လည်း အကယ်၍ သူတို့သာ အိုမင်းသွားသည်အထိ ရှင်သန်နေနိုင်ခဲ့လျှင် များသောအားဖြင့်က တစ်ကိုယ်လုံး၌ ဒဏ်ရာ၊ အနာတရများစွာဖြင့် ကျန်ခဲ့လေသည်။ အများဆုံး ပုံမှန်မဖြစ်တော့သော အစိတ်အပိုင်းမှာ ကျောရိုးတစ်လျှောက်နှင့် လည်ဂုတ်ရှိ အရိုးအဆစ်များသာ ဖြစ်၏။ ချင်းချုံသည် အခြားသော ချပ်ဝတ်တန်ဆာများထက် အလေးချိန် ပေါ့ပါးကာ အဆင်ပြေသည်။ မှန်၏။ သို့သော်လည်း ၄င်းသည် လူ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက်ဝတ်ဆင်ခြင်း ဖြစ်၏။ လေးလံသော သံချပ်ကာများကဲ့သို့ သူ့ဘာသာ အထောက်အပံ့များဖြင့် မတ်ဆတ်နေခြင်း မဟုတ်ချေ။ ကုယွင်သည် စစ်ပွဲအတွက် အမြဲတစေ အသင့်ဖြစ်နေရသူ ဖြစ်သည်။ ထို့ကြောင့် အိပ်ချိန်တွင်လည်း မချွတ်ပေ။ ထိုသို့ ရက်လကြာရှည်ဖြစ်သွားလျှင် ကြွက်သားများနှင့် အရိုးအဆစ်များက အနားမရဘဲ ဒဏ်ဖြစ်လာမည်။ ချန်ကန်းသည် အားအနည်းငယ်ထည့်၍ နှိပ်လိုက်ရုံဖြင့်တောင် အရိုးများ၏ "ဂျွတ်ကနဲ ဂျွတ်ကနဲ" မြည်သံများကို ကြားနေရ၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။