{၄၅}

1K 118 23
                                    

အခန်း {၄၅}

မီးစာပျိုးခြင်း


ကျင့်ရွှီးနှင့်ပတ်သတ်၍ ကုယွင်က တစ်ချက်ခန့်မျှသာ ကြည့်လိုက်ရာ ပြန်လည် အဖတ်ဆယ်နိုင်သေးမှန်း သိလိုက်ရသည်။ ထို့ကြောင့်မို့ သူက လျင်လျင်မြန်မြန်ပင် အနှီဓားပြခေါင်းများနှင့် တခြားလူများအားလုံးကို ရောနှော၍ တစ်ဖက်၌ စုပုံထားလိုက်တော့၏----- ထိုအခိုက်ဝယ် ကုယွင် ပို၍ စိတ်ဝင်စားသည်မှာ ချန်ကန်း ဘယ်အချိန် အပြင်သွားမည်လဲ ဆိုသည့်အချက်သာ။

တိုက်တိုက်ဆိုင်ဆိုင်.. ချန်ကန်းကလည်း အလိုက်သတိပင် သူ့ကိုယ်သူ ဓားပြများ၏ လျှို့ဝှက်လမ်းများအား ရှာဖွေနေသော အဖော်အပေါင်းတို့ကို သွားရှာပြီး တွေ့ဆုံရမည်ဟု ဆိုလျက် ထွက်သွားတော့၏။ သို့မှသာ ကုယွင်၏ ရင်ထဲ၌ အလုံးကြီးတစ်လုံး ပြုတ်ကျသွားသည့်ပမာ အသက်ရှုချောင်သွားလေသည်။ အပေါ်ယံကတော့ ခပ်တည်တည် ခပ်တင်းတင်းဖြင့် ချန်ကန်းအား စောင့်ရှောက်လိုက်ပါရန် သံနက်တပ်ရင်းမှ တပ်သားအငယ်လေး တစ်ယောက်တောင် ထည့်ပေးလိုက်သေးသည်။ ပါးစပ်ကလည်း ပိုက်ကွန်ထဲက လွတ်ထွက်သွားသော ဓားပြများရှိနေနိုင်သေးသဖြင့် အထူးဂရုစိုက်ရန် မှာကြားနေသေးသည်။

ချန်ကန်း ထွက်သွားသည်ကို မြင်မှသာ ကုယွင်က သူ့နံဘေးက သံနက်မြင်းစီးစစ်သည်တစ်ဦးကို မှာလိုက်သည်။

" ငါ့အတွက် လူနှစ်ယောက်လောက်ရှာပြီး ကြည့်ခိုင်းထားစမ်း.. တကယ်လို့ မင်းသား (၄) ပြန်လာတာ သိပ်မြန်နေရင် သူ့ကို တစ်ခုခုလုပ်ခိုင်းထားလိုက်.. ငါ့ဆီကို လိုက်မလာစေနဲ့ "

သံနက်မြင်းစီးစစ်သည်တော်က အမိန့်တော်နာခံလျက် ထွက်သွားတော့မှ ကုယွင်က သူ့အကြည့်များကို ပြန်သိမ်းလိုက်တော့၏။

ကုယွင်သည် ဖမ်းဆီးခေါ်ဆောင်လာသော ဓားပြအုပ်စုကို အစကနေ အဆုံးထိ ခြေဆုံးခေါင်းဆုံး လိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ၌ သာမန်ချိန်တွင် တွေ့ရလေ့မရှိသော မှိုင်းညို့ညို့ အငွေ့အသက်များ ကိန်းအောင်းနေ၏။

" ငါ့မှာ မေးခွန်းတစ်ခုပဲ ရှိတယ်.. မင်းတို့ရဲ့ သောက်ရမ်းကြီးကျယ်မြင့်မြတ်တဲ့ ဟောသည်မြေအောက်က ကြွက်တွင်းမှာ ဝင်ပေါက်ထွက်ပေါက် စုစုပေါင်း ဘယ်နှခုရှိသလဲ? အားလုံးလည်း အခြေအနေနဲ့ အချိန်အခါလေး သိနားလည်ဖို့ မျှော်လင့်ပါတယ်.. ဒီလိုလုပ်.. ဟိုးအနောက်ဘက်ဆုံးတစ်ယောက်ကနေ စမယ်.. ဘာသံမှမထွက်တဲ့လူဆို အဲ့နေရာမှာတင် ခေါင်းဖြတ်လိုက်.. ရှေ့ကတစ်ယောက် ထွက်ဆိုပြီးရင် နောက်ကတစ်ယောက် ထပ်ဖြည့်ပြောလို့လည်း ရတယ်.. ထပ်ဖြည့်မပြောနိုင်ဘူးနော်.. အားနာပါတယ်.. ရှေ့ပိုင်းမှာ ထွက်ဆိုတဲ့လူတွေက ပိုပြီး အကျိုးရှိလိမ့်မယ်----- စလိုက်တော့.. တစ်နှစ်သုံး ရေလိုက်.. မပြောတဲ့လူကို ခေါင်းဖြတ်လိုက်.. လျှောက်ပြောတဲ့လူကိုလည်း ခေါင်းဖြတ်လိုက် "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now