အပိုင်း ( ၃၆-၄ )ညနေပိုင်းတွင် ကျန်းရှန်းဟယ် ကုမ္ပဏီမှ ထွက်ခွာခဲ့သည်။ သူ မသိစိတ်က လော့ချီ၏အငှားအိမ်ရှိရာ လမ်းဆီသို့ ကားကို လှည့်လိုက်သည်။ တစ်နေ့လုံး သူမကို အဆက်အသွယ် မလုပ်ဖြစ် ၊ အောက်ထပ်သို့ရောက်သောအခါ သူမအိမ်တွင် မီးမလင်း။
သူမ ရုပ်ရှင်ကြည့်နေတာလည်း ဖြစ်နိုင်ပါသည်။ ကျန်းရှန်းဟယ် အပေါ်ထပ်တက်ပြီး တံခါးခေါက်၏။ ဘယ်သူကမှ ပြန်မဖြေတဲ့အတွက် သူမကိုစောင့်နေဖို့ ကားပေါ်ပြန်တက်သွားသည်။
၈:၁၀ တွင် လော့ချီ၏ကားကို လှမ်းမြင်ရသည်။ ကျန်းရှန်းဟယ်က ကားတံခါးကို တွန်းဖွင့်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ လော့ချီက ဘာမှသယ်မလာဘဲ ကားထဲမှဆင်းလာသည်။
"ကိုယ်က မင်း ဈေးဝယ်ထွက်သွားတယ်ထင်နေတာ"
သူမ စျေးဝယ်ထွက်ရုံပါပဲ။ လက်ထပ်မှတ်ပုံတင်ယူမည့်နေ့တွင် သူမဝတ်ဆင်ရန် အဖြူရောင်အင်္ကျီတစ်ထည်ကို ဝယ်ယူခဲ့သည်။ အမှန်တော့ သူမ၏ဗီရိုရှိ အင်္ကျီအများစုသည် အနက်ရောင်၊ အဖြူရောင် သို့မဟုတ် မီးခိုးရောင်များဖြစ်သဖြင့် ၎င်းတို့ထဲမှ တစ်ခုကို အသုံးပြုနိုင်သည်။ သို့တိုင်အောင် သူမ တစ်စုံဝယ်ခဲ့ပါသေး၏။
လော့ချီသည် သူမတွေးနေသည့်အရာကို နားမလည်တော့ဘဲ ကားထဲမှထွက်လာသောအခါ စျေးဝယ်အိတ်ကို မယူလာခဲ့ပေ။
"ကျွန်မ အပြင်ကို လမ်းလျှောက်ထွက်တာ"
"ဒီနေ့ ကိုယ် ဒီကို နှစ်ကြိမ်လာခဲ့တယ် မင်းကို စိတ်အနှောင့်အယှက်ဖြစ်မလား မသိဘူး"
"......"
မေးခွန်းကိုပြန်ဖြေမည့်အစား လော့ချီက မေးလိုက်သည်။
"ဥက္ကဋ္ဌကျန်း အပေါ်ထပ်တက်ပြီး ရေတစ်ခွက်လောက် သောက်ချင်လား"
"မသောက်တော့ပါဘူး မင်း စောစောအိပ်တော့"
သူမသည် ယခင်က သူ မမြင်ဖူးသော၀တ်စုံကို ဝတ်ဆင်ကာ သူ့ရှေ့တွင် ရှိနေသည်။ ကျန်းရှန်းဟယ်မှာ သည်းမခံနိုင်တော့ဘဲ သူမအား ပွေ့ဖက်ရန် လက်လှမ်းလိုက်ချင်ပါ၏။