အခန်း (၂)
“ခင်ဗျားတို့က မြောက်ဘက်အခြေစိုက်စခန်းကို ပြန်ကြမှာလား”
အချိန်ကြာမြင့်စွာ အန်းကျယ် လမ်းလျှောက်ခဲ့သည်။
နေ့ညများစွာ ကျော်လွန်ပြီးသည့်နောက် သူ ရွေ့လျားခဲ့သော အကွာအဝေးသည်ကား မြေပုံထက်တွင် လူတစ်ယောက်လက်သန်း၏ လက်သည်းခွံပမာဏလောက်သာ ရှိသေးသည်။ သူသည် မြောက်ဘက်အခြေစိုက်စခန်းနှင့် လက်တစ်ချောင်း၏အရှည်မျှ ဝေးကွာနေသေးသည်။ သူ့ထံတွင် လူသားတို့ အသုံးပြုသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများ မရှိသကဲ့သို့၊ မြောက်ဘက်အခြေစိုက်စခန်းသို့ရောက်ရန် မည်မျှကြာဦးမည်ကိုလည်း သူ မသိပေ။
နောက်ဆုံးတွင် စိုထိုင်းသိပ်သည်းမှု နည်းပါးလာသည့် လေထုကို သူ ရှူရှိုက်လာရပြီး၊ သူ၏ခြေဖဝါးအောက်ရှိ မြေဆီလွှာတို့သည်လည်း ပို၍မာကျောလာသည်ကို သူ ခံစားမိလာသည်။
ညနေပိုင်းတွင် နေလုံးကြီးသည် အနီတောက်တောက်မျက်လုံးကြီးပမာ အဝေးရှိ အနက်ရောင်တောင်ကုန်းများကြား နစ်မြှုပ်သွားပြီး၊ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဆည်းဆာချိန်နှင့် ဥတ္တရအလင်းတန်းတို့သည် အတူတကွ မျောလွင့်လျက်ရှိနေသည်။ အန်းကျယ် မြေပုံကိုဖြန့်ကာ လက္ခဏာများနှင့် သင်္ကေတများကို ဖော်ထုတ်ရန် ကြိုးစားသည်။ Abyss၏နယ်နိမိတ်ဖြစ်သည့် ခြောက်သွေ့နေသောမြစ်ကို သူ ဖြတ်ကျော်လာခဲ့ပြီးဖြစ်၏။ နယ်နိမိတ်အလွန်တွင် “ဒုတိယလွင်ပြင်”ဟု ခေါ်ဆိုသော နေရာရှိသည်။ ထိုနေရာသည် အန္တရာယ်အဆင့် ကြယ်(၃)ပွင့်နှင့် ညစ်ညမ်းမှုအဆင့် ကြယ်(၂)ပွင့် ဖြစ်၏။
တက်လိုက်ကျလိုက်နှင့် လှိုင်းသဏ္ဌာန်ရှိသော Abyss၏ မြေအနေအထား၊ နေရာတိုင်းတွင် တွေ့နိုင်သည့် မြေပြင်အက်ကွဲကြောင်းများနှင့် ညလယ်တွင် တွေ့ရတတ်သော သစ်ပင်မြင့်မြင့်များ၏ ဝိရောဓိဖြစ်ဖွယ်ရာ အရိပ်တို့သည်ကား အမှန်တကယ်ပင် မရှိတော့ချေ။ ဤနေရာသည် ရှင်းလင်း၏။ ပြန့်ပြောကာ အဆုံးမရှိသော ဆည်းဆာချိန်မြင်ကွင်းကျယ်လည်း ရှိနေသေးသည်။
သို့သော်ငြား အန်းကျယ် စိတ်မအေးနိုင်ပေ။ ဒုတိယလွင်ပြင်၏ ခြောက်သွေ့သောလေသည် မှိုအတွက်ကား သင့်တော်မှုမရှိချေ။ အာဟာရစုပ်ယူရန် မြေဆီလွှာကိုလည်း ရှာမတွေ့ရာ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားအား လူသားတို့၏ နည်းလမ်းဖြစ်သော အိပ်စက်ခြင်းဖြင့်သာလျှင် ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်၏။