အခန်း (၆၀)
လုဖုန်း၏ သယ်ပိုးသွားခြင်းကို သူ ခံလိုက်ရသည်
"လွန်ခဲ့တဲ့တစ်လက ကျွန်တော့်ရဲ့... ဦးလေးတစ်ယောက် အပြင်မှာ သားရဲကောင်တစ်ကောင် အကိုက်ခံလိုက်ရပြီး သေသွားတယ်။ နောက်တော့ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က နောက်ထပ်ဦးလေးက အရင်းအမြစ်တွေ ရှာဖို့အတွက် ထွက်သွားတာ။ အဲဒီရက်တွေတုန်းက အပူချိန်က ရုတ်တရက် မြင့်လာပြီးတော့ သဲမုန်တိုင်းလည်း ရှိနေတယ်။ သူလည်း ပြန်မလာတော့ဘူး။ နောက်ဆုံးတော့ ကျွန်တော် အရင်ကပြောတဲ့ ဦးလေးနှစ်ယောက်ပဲ ရှိတော့တယ်"
ရှီးပေ့၏လက်ချောင်းများသည် စားပွဲပေါ်ရှိ လိပ်ထားသောပန်းချီကို တင်းတင်းဆုပ်ကိုင်ထားကာ ဖြည်းဖြည်းချင်း ပြောလာ၏။
"ကျွန်တော်နဲ့ဖိုးဖိုးပဲ ဒီမှာ ကျန်ခဲ့တယ်။ ဒါပေမဲ့ ဖိုးဖိုးနေမကောင်းတာက ပိုပိုပြီး ဆိုးလာတယ်။ အရင်က သူ ကျွန်တော့်ကို စကားပြောနိုင်သေးတယ်။ ဒီရက်ပိုင်း သူ့ရဲ့အသိတွေက မသဲကွဲတော့ဘူး"
"တစ်ခါတလေ သူ နာလွန်းလို့ အော်နေတယ်။ တစ်ခါတလေ ကျွန်တော် နားမလည်တာတွေကို ပြောတယ်"
ရှီးပေ့သည် လုဖုန်းကို မျှော်လင့်တကြီး မော့ကြည့်သည်။
"ခင်ဗျားတို့ ကုပေးနိုင်လားဟင်"
လုဖုန်းကပြောသည်။
"အခြေစိုက်စခန်းကို ပြန်ရောက်ရင် အကြောင်းအရင်းကို ရှာတွေ့နိုင်ပါတယ်"
သူသည် 'ကုနိုင်လိမ့်မည်'ဟု အာမ,မခံပေ။ အခြေစိုက်စခန်း၏ လစဉ်စာစောင်အား အန်းကျယ် ငုံ့ကြည့်လိုက်သည်။ ထိုစာမျက်နှာထက်တွင် လစဉ်စာစောင်သို့ ရေးသားပေးပို့နေသည့် အမျိုးကောင်းသားတစ်ဦးသည် နာမကျန်းဖြစ်ကာ ဆုံးပါးသွားပြီဟု နာရေးသတင်းထည့်ထား၏။ သူ့၏အခန်းဆက်ဝတ္ထု "မစ်ရှင်"သည် ရပ်ဆိုင်းသွားပြီဖြစ်၏။
အခြေစိုက်စခန်းတွင်၊ ယုတ်စွအဆုံး ပြင်ပမြို့တော်တွင် လူအနည်းငယ်သာလျှင် အသက်(၅၀) သို့မဟုတ် အသက်(၆၀)အထိ နေထိုင်နိုင်သည်။ သက်ကြီးပိုင်းဝင်နိုင်သည်အထိ အတော်အတန် ကံကောင်းကြသူများသည် ရောဂါဘယများနှင့်ကြုံတွေ့ရ၏။ ကမ္ဘာ့သံလိုက်စက်ကွင်းအတု၏ ပြင်းအားသည် မူလကမ္ဘာ့သံလိုက်စက်ကွင်းထက် ပို၍အားနည်းရာ လူသားခန္ဓာကိုယ်သည် ဓာတ်ရောင်ခြည် အနည်းငယ်ကြောင့် ထိခိုက်မှု ရှိလာနိုင်သေး၏။ မျိုးရိုးဗီဇနှင့်ဆိုင်သော ရောဂါများ၊ အဓိကအားဖြင့် ကင်ဆာရောဂါ ဖြစ်ပွားသည့်နှုန်းသည် မြင့်မားနေဆဲပင်။ သက်ကြီးရွယ်အိုထက်ဝက်ကျော်သည် ယင်းကြောင့် ဆုံးပါးရသည်။ ဓားဖျားထက် နှစ်ပေါင်းများစွာ နေထိုင်လာခြင်းသည် ရှင်သန်သူတွင် အဆုံးမရှိသော ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတို့ ရှိနေသည်ဟု ဆိုလို၏။ ၎င်းသည်လည်း အမြစ်ဖြတ်၍ မရနိုင်သော နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်ပင်။