အခန်း (၄၄)
ဥတ္တရအလင်းတန်း တဖန်ပြန်လည် တောက်ပလာသည့်အခါ ဗိုလ်မှူးပြန်လာပါလိမ့်မည်
ရံဖန်ရံခါ၌မူ တိတ်ဆိတ်ခြင်းဟူသည် အတိမ်းအစောင်း မခံသော အဆုံးအဖြတ်ကို ရင်ဆိုင်နေရသည်ဟု အဓိပ္ပါယ်ရ၏။
ကယ်တင်မည်၊ သို့မဟုတ် မကယ်တင်ပါ။
"မြေအောက်မြို့တော် အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ရနေသေးရဲ့လား"
အသံတစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
"အကြောင်းမပြန်တော့ဘူး"
"အစည်းအဝေးခန်းမမှာ လုပ်နေတဲ့ ပထမအစည်းအဝေးက ပြီးသွားပြီ။ ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ မြို့တော်ဆက်လက်ရှင်သန်ရေးကို အာမခံနိုင်မယ်ဆိုရင် ဒါကို သုံးရက်ကနေ ဆယ်ရက်အထိ ထိန်းထားနိုင်မယ်"
"တစ်မြို့လုံးရဲ့ ရှင်သန်ရေးကို အာမ,မခံနိုင်ရင်ရော?"
"ရာသီဥတု အကြောင်းအရင်းတွေကို ထည့်မတွက်ဘဲ အမြွှာမျှော်စင်နဲ့ ဧဒင်နှစ်ခုတည်းသာဆို (၁၅)ရက်ကနေ ရက်(၃၀)ထိ အရင်းအမြစ်တွေလုံလောက်ဖို့ အာမခံတယ်"
"ပြင်းထန်လွန်းတဲ့ အခြေအနေတွေမှာတော့ အဓိကဝန်ထမ်းတွေကို ဧဒင်ဥယျာဉ်ရဲ့ မြေအောက်ခိုလှုံရာကို ပြောင်းရွေ့ပေးပြီး ရေရှည်ရှင်သန်ရေးကို စဉ်းစားနိုင်မယ်"
"ဒါဆို မျှော်လင့်ချက်နည်းနည်း ရှိသေးတာပေါ့"
တဖန် တိတ်ဆိတ်သွားပြန်သည်။
အဆုံးတော့ တစ်စုံတစ်ယောက်က မေးလိုက်၏။
"သူတို့ကို ကယ်လို့မရဘူးလား"
ဒုဗိုလ်ချုပ်ကြီး၏ မျက်လုံးများသည် အခန်းထဲသို့ ဝေ့ဝဲသွား၏။ အစည်းအဝေးသို့စုဝေးရန် ဖိတ်ကြားသည့် ထုတ်လွှင့်မှုအား အန်းကျယ် ကြားခဲ့ပြီးဖြစ်ရာ၊ ယခုအချိန်တွင် အခန်းထဲ၌ ကွပ်ကဲရေးရုံး၊ ဝန်ထမ်းဌာနနှင့် စစ်ဆင်ရေးစင်တာတို့မှ ရာထူးအမြင့်ဆုံး အရာရှိများနှင့် ပြည့်နှက်နေကြောင်းကို သူ သိသည်။ ပထမအစည်းအဝေးခန်းမတွင် တွေ့ဆုံနေသည့် ထောက်ပံ့ရေးရုံးနှင့် မြို့တော်ကာကွယ်ရေးရုံးတို့မှ အမှုထမ်းများနှင့်မတူဘဲ သူတို့အားလုံးသည် ရှေ့တန်း၌ ရှိခဲ့ဖူးကြသူများဖြစ်၏။