အခန်း (၇၅)
"ခင်ဗျားက ကိုယ်ကျင့်တရားကောင်းပြီး ဖြောင့်မတ်တာမလို့ပေါ့"
မြောက်ဘက်အခြေစိုက်စခန်းမှ သတိပေးချက်သည် လိုရင်းတိုရှင်းပင်။
ပေါ်လီက ဆို၏။
"သူတို့လည်း တွေ့သွားပြီပဲ"
အန်းကျယ် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။
ကုန်းမြင့်ဒေသ သုတေသနအဖွဲ့အစည်းသည် အမြင့်ဆုံးတောင်ပေါ်တွင် တည်ရှိ၏။ အောက်သို့ငုံ့ကြည့်လိုက်ပါက Abyssကို မြင်နိုင်သည်။ ဧရာမပြတ်ရွေ့ကြောင်းဇုန်ကြီးသည် ကမ္ဘာမြေကြီး၏ ဖြူဖျော့ဖျော့အရေပြားထက်ရှိ အကျည်းတန်သော ဒဏ်ရာတစ်ခုနှင့် ဆင်တူလှသည်။ တောအုပ်ထူထူနှင့် ရွှံ့ညွန်သည် ထိုဒဏ်ရာ၏ သွေးရည်ကြည်နှင့် ပြည်တို့ဖြစ်ကြ၏။ ခပ်ဝေးဝေး - ကွာလှမ်းသော အရှေ့ဘက်သည် ပင်လယ် သို့တည်းမဟုတ် ဧရာမရေကန်ကြီးတစ်ကန်ပင်။ ချုပ်ပြောရပါက အဆုံးသတ်ကို မမြင်နိုင်ပေ။ အရာအားလုံး တိတ်ဆိတ်သွားစဉ် တီးတိုးသံများသည် လေထဲတွင် ရောပါလာကာ မြူများကြားတွင် ဘွားခနဲပေါ်လာသော လှိုင်းလုံးကြီးတစ်လုံးရှိနေ၏။
အတိုပြောရလျှင် ယင်းမှာ သားရဲကောင်တစ်ကောင်သည် မြေပြင်ထက်တွင် တိတ်ဆိတ်စွာ ထိုင်နေသကဲ့သို့။
ဤသည်မှာ အန်းကျယ် ရင်းနှီးနေသော Abyss မဟုတ်ပေ။ သူသည် ယခင်က ၎င်းကို ကြုံတွေ့ဖူးသည်။ ယခင်Abyssသည် သွေးများ၊ တိုက်ခိုက်လုယူခြင်းများနှင့် ပြည့်နှက်နေသော နေရာတစ်နေရာဖြစ်၏။ ၎င်းသည် ဘယ်သောအခါကမှ လွန်စွာ မငြိမ်သက်ခဲ့ချေ။
အရိပ်မည်းမည်းသည် ခပ်လှမ်းလှမ်း ကောင်းကင်ယံထက် ပေါ်လာ၏။ အရိပ်သည် နီးကပ်လာသည်နှင့်အမျှ ပိုမိုကြီးမားလာကာ အဆုံးတွင် အဖြူရောင်အဆောက်အဦပေါ်၌ ရပ်တန့်သွားသည်။
အော်မြည်သံတစ်သံနှင့်အတူ ထန်လန်သည် သူ၏တောင်ပံတို့ကို သိမ်းလိုက်ကာ စင်္ကြံအပြင်ဘက်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ ထို့နောက် ဓာတ်ခွဲခန်း၏ တံခါးကို တွန်းဖွင့်လိုက်၏။