သူရဲကောင်း
"ငါလည်း သူရဲကောင်းတစ်ယောက်လုပ်မယ်"
(၁)
"အမှတ်ရပါ: ရဲရင့်ခြင်း၊ ကြံ့ခိုင်ခြင်းနဲ့ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း။ ဒါတွေက ငါတို့ကာလရဲ့ သူရသတ္တိနဲ့ လူသားမျိုးနွယ်ရဲ့ ဘုံသူရသတ္တိပဲ"
ဧဒင်ဥယျာဥ်တွင် ထန်လန်သည် ထိုစကားများအား အလွတ်ကျက်မှတ်နေ၏။
"စုပေါင်းသူရသတ္တိ၊ တစ်ဦးချင်း၏သူရသတ္တိ၊ သူတို့အကုန်လုံး မျှဝေတာက-"
ဟတ်ဘတ်ဒ်သည် သူ့၏မျက်နှာအား သေနတ်ရုပ်ပုံ စာအုပ်တစ်အုပ်နှင့် ဖုံးအုပ်လိုက်သည်။
"အခုထိ မပြီးသေးဘူးလား"
"ပြီးတော့မယ်"
ထန်လန်သည် စာအုပ်ကိုပိတ်ကာ မျက်နှာကြက်ကို မော့ကြည့်လိုက်၏။
"ဟတ်ဘတ်ဒ်"
"ဘာဖြစ်လို့လဲ"
"မင်း သူရဲကောင်းဖြစ်ချင်လား"
ဟတ်ဘတ်ဒ်သည် စာအုပ်ကို ဆွဲချလိုက်ကာ နီညိုရောင်ရင့်ရင့် မျက်လုံးတို့ကို လှစ်ဟလိုက်သည်။ သူသည်လည်း မျက်နှာကြက်ကို ကြည့်နေ၏။ သုံးစက္ကန့်ကြာပြီးနောက် သူ ပြန်ဖြေလာသည်။
"ကိစ္စတော့မရှိပါဘူး"
အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် သူသည် မေးလာ၏။
"မင်းရော?"
ထန်လန်ကဖြေသည်။
"ငါ မသိဘူး"
ဧဒင်ဥယျာဉ်ရှိ သူတို့၏ဘဝဆရာသည် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
"ယောက်ျားလေးတွေအားလုံး သူရဲကောင်းဖြစ်ချင်ကြတာပဲလေ"
သူ(မ)သည် သူတို့နှစ်ဦး၏ စာအုပ်များကို သိမ်းလိုက်ကာ ထပ်ပြောလာ၏။
"မိန်းကလေးတွေလည်း ဖြစ်ချင်ကြတယ်"
ဟတ်ဘတ်ဒ်သည် သူ(မ)ကို ကြည့်လိုက်ကာ ရုပ်ပုံစာအုပ်ကို သိမ်းသွားခြင်းနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့်ပုံပေါ်သည်။ သို့သော် ဘဝဆရာမသည် ချက်ချင်းဆိုလာ၏။