« ၁၈ »

234 37 0
                                    

အခန်း (၁၈)

ဤအခြေစိုက်စခန်း၌ လုဖုန်းသည် အနိုင်အကျင့်ဆုံးလူသားဖြစ်သည်ဟု သူယုံကြည်၏

ထိုအခိုက်အတန့်တွင် လက်တစ်ဖက်သည် သူ့အရှေ့၌ ပေါ်လာ၏။ လက်ချောင်းများသည် အလွန်ရှည်လျားကာ၊ အရေပြားသည် ဖြူ‌စင်အေးစက်နေသည်။ အန်းကျယ်သည် ထိုပုံသဏ္ဌာန်နှင့် လွန်စွာရင်းနှီးကျွမ်းဝင်၏။ သူဌေးရှောင် အလုပ်ပြီးသည်နှင့် ထိုလက်သည် သူ့၏အိပ်ရာဘေးရှိ ကုန်သေတ္တာတွင် ထားရှိသည်ဖြစ်ရာ နေ့စဉ်နေ့တိုင်း အိပ်မပျော်သွားမီအထိ သူသည် ထိုအရာအား မြင်နေနိုင်သည်။ ယင်းကား လုဖုန်း၏လက်ပင်။

ထိုလက်သည် ပတ်တီး၏အစွန်းတစ်ဖက်ကို ကောက်ယူလိုက်သည်။ အခြားလက်သည် နောက်အစွန်းတစ်ဖက်အား ကောက်လိုက်ပြီး အနည်းငယ်တင်းကျပ်သော အနေအထားနှင့် အန်းကျယ်၏လက်မောင်းကို အကြိမ်အနည်းငယ် ရစ်ပတ်လိုက်သည်။

ထို့နောက် လက်ချောင်းဆယ်ချောင်းသည် စည်းထားသော ပတ်တီးပေါ်တွင် သေသပ်စွာ ကြိုးထုံးလိုက်သည်ကို အန်းကျယ် တွေ့လိုက်ရ၏။

လုဖုန်းသည် နောက်ဆုံးစက္ကန့်၌ သူ့ကို ရယ်မောနေခဲ့သော်လည်း ထိုသူသည် သူ၏လက်မောင်းအား ပတ်တီးစည်းရန် ကူညီပေးခဲ့သည်။

အန်းကျယ် သူ့ရှပ်အင်္ကျီ၏လက်ကို ပြန်ဆွဲချကာ ထိုသူအား ပြောလိုက်သည်။

"ကျေးဇူး"

လုဖုန်းသည် ဘာမျှမပြောပေ။

အောက်ထပ်မှ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်လာသည်။ အသံသည် နက်ရှိုင်းသည့်မြေအောက်မှ လာသည့်အလား အလွန်တိမ်၏။ အန်းကျယ် အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြို့တော်ကာကွယ်ရေးစခန်း၏ ဗိသုကာပုံစံသည် အဆောက်အဦ(၄)ခုနှင့် အဘက်ဘက်မှ ဝန်းရံထားသော ကျယ်ဝန်းသည့် မိုးလုံလေလုံ မှန်အိမ်ဖြစ်သည်။ ယနေ့ညတွင် သူ အချုပ်ခံထားရသော အဆောက်အဦသည်ကား အပုဆုံးတစ်ခုဖြစ်၏။ ယခုအချိန်၌ ထိုအဆောက်အဦသည် မငြိမ်သက်သော အခြေအနေ၌ဖြစ်၏။ အထဲရှိလူများအား ဘေးကင်းရာသို့ ပြောင်းရွေ့နေစဉ် စစ်သားများသည် လက်နက်ကြီးများကို ကိုင်ဆောင်လျက် အထဲသို့ ဝင်သွားကြသည်။ ပေါက်ကွဲသံတို့သည် အဆက်မပြတ် ထွက်ပေါ်နေကာ အဆောက်အဦကမူ လှုပ်ခါနေ၏။ ဖန်များ ကွဲထွက်သွားကာ အချို့အခန်းများ ပြိုကျကုန်သည်။ လွန်ခဲ့သောမိနစ်(၃၀)က ခမ်းနားတောင့်တင်းခဲ့သည့် အဆောက်အဦသည် ဖြည်းဖြည်းချင်း အပျက်အစီးတစ်ခု ဖြစ်လာ၏။ ယူရေနီယံဗုံးမှ ဖုန်မှုန့်များနှင့် မီးခိုးတို့သည် အဖြူရောင်မြူများအလား ဖုံးလွှမ်းထားသည်။ မြို့တော်ကာကွယ်ရေးစခန်းမှ စစ်သားတို့သည် လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားကာ၊ သူတို့ပတ်ပတ်လည်တွင် အတားအဆီးများ တည်ဆောက်ထားပြီး ဓာတ်ရောင်ခြည်သင်္ကေတများကို စိုက်ထူထား၏။

ရှောင်မော်ကူးWhere stories live. Discover now