အခန်း (၂၆)
“လူသားသိပ္ပံနည်းစနစ်သည် ဖော်ပြရန်ပင် မထိုက်တန်ပေ”
ရထားသည် ဆယ်မိနစ်ကြာ အရှိန်မြင့်မြင့်နှင့်ရွေ့လျားပြီးသည့်နောက် မြို့တော်သည် အနောက်တွင် လုံးလုံးလျားလျား ကျန်ရစ်ခဲ့တော့၏။ လုဖုန်းသည် သူ၏ညာလက်အား ပြန်ရုပ်လိုက်ရာ သူတို့လာခဲ့သည့်နေရာမှ တိမ်ထူကြီးအား အန်းကျယ် မြင်လိုက်ရသည်။ တိုက်လေယာဉ်တို့သည် ပင်မမြို့တော်ဆီသို့ ပြန်လှည့်လာပြီး၊ တဝှီးဝှီးအသံနှင့်အတူ ရထား၏အပေါ်မှ ပျံသန်းသွားကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။
အန်းကျယ် ဘာမျှမဆိုပေ။ စက္ကန့်ပေါင်းများစွာ တိတ်တဆိတ် ငေးကြည့်နေပြီးသည့်နောက် သူ့၏မူလနေရာသို့ ပြန်သွားကာ ထိုင်ချလိုက်၏။
ရထားပေါ်သို့ သူ ရောက်သည့် အခိုက်အတန့်တွင် ဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာသည်နှင့် မည်သည့်နေရာသို့ သူ သွားသည်ကို သူဌေးရှောင်အား အကြောင်းကြားရန် တွေးနေသေး၏။ ယခုတွင်တော့ လိုအပ်သည့်ပုံ မရတော့ပေ။
အပြင်ဘက်သို့ ကြည့်လိုက်ရာ အမည်းရောင် ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရ၏။ လုဖုန်းသည် သူ၏ဘေးထိုင်ခုံတွင် ထိုင်လိုက်ကာ၊ လုဖုန်းနောက်မှလိုက်သော တရားသူကြီးငယ်သည် အခြားဘက်တွင် ထိုင်လိုက်သည်။
“ဗိုလ်မှူး၊ တရားခုံရုံးက သတင်းပါ။ တရားခုံရုံးက လူ(၂၁)ယောက်ကို ဘေးကင်းရာကို ပြောင်းရွှေ့ထားခဲ့တယ်။ (၉)ယောက်သေပြီး၊ (၄)ယောက်ကကူးစက်ခံရလို့ သတ်လိုက်ပါတယ်”
လုဖုန်းသည် မေးလိုက်၏။
“မြို့တော်ကာကွယ်ရေးစခန်းရော?”
“အခုထိ ဘာသတင်းမှ မရှိသေးပါဘူး”
ထို့နောက် မည်သည့်အသံမျှ မရှိတော့ပေ။ အန်းကျယ်သည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေသော်ငြား အမှန်တကယ်တွင် ကြည့်စရာ ဘာမျှမရှိချေ။ မြူထဲမိုးရေထဲတွင် ဗလာကျင်းနေသည့် ကွန်ကရစ်ကြမ်းပြင်ကိုသာလျှင် မြင်ရသည်။
ဤနေရာသည် ကြားခံနယ်မြေဖြစ်၏။ ဂိတ်ပေါက်မှ ပြင်ပမြို့တော်အထိဖြစ်သည်။ ပြင်ပမြို့တော်၏ ဧရိယာတစ်ခုနှင့်တစ်ခုကြား၌ပင် ကြီးမားသော ကြားခံနယ်မြေရှိကာ အဆောက်အဦများ မရှိပေ။ ကြားခံနယ်မြေ တည်ရှိခြင်း၏ ရည်ရွယ်ချက်သည် အကြီးအကျယ် ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်ရပ်တွင် ရောနှောမျိုးစိတ်တို့ကို လူဦးရေထူထပ်ရာ နေရာသို့ တိုက်ရိုက်တစ်ဟုန်ထိုး ဝင်ရောက်ခြင်း မပြုဘဲ၊ တုံ့ပြန်နိုင်ရန် စစ်တပ်အတွက် အဖိုးတန်အချိန်များကို ရယူပေးထားခြင်း ဖြစ်သည်။