အခန်း (၂၁)
"စောင့်နေ"
အောက်ထပ်၊ မသိနိုင်သော တစ်နေရာမှ အမျိုးသမီးတစ်ယောက်၏ အော်သံ ထွက်ပေါ်လာသည်။ သူသည်လည်း ပိုးကောင်ကို မြင်လိုက်ရ၍ ဖြစ်နိုင်၏။
ပိတုန်းသည်ကား ဖန်သားထက်တွင် နှေးကွေးစွာ တွားသွားနေ၏။ ၎င်းသည် လက်တစ်ဖဝါးအရွယ်မျှ ကြီးမားကာ ယင်း၏သေးသွယ်သော ခြေရှစ်ချောင်းထက်တွင် သိပ်သည်းသေးငယ်သည့် အဖုများ တွယ်ကပ်နေကာ၊ ထိုအဖုတို့သည် ဖန်မျက်နှာပြင်ပေါ်တွင် လွယ်လွယ်ကူကူ ကပ်တွယ်နေ၏။ အလယ်တွင် ကြီးမားသော အပ်ထိပ်နှင့်အတူ အဖြူစက်သေးသေးလေး ပါရှိကာ ယင်းမှာ ၎င်း၏စုပ်ခွက်ဖြစ်၏။ ရှည်လျားသော အညိုရောင်အတက်တစ်ခုသည် အမြီးအလား အနောက်မှ ဆွဲပါနေပြီး တွားသွားသည့်အခါတိုင်း ဖန်သားထက်တွင် ညိုမည်းမည်း အရည်အတန်းကို ချန်ရစ်ထားခဲ့၏။ ၎င်းသည် ဝင်လာချင်နေသည့်ပုံရသည်။
ကဗျာဆရာသည် လက်ဆန့်လိုက်ကာ သူ့၏လက်ချောင်းအား ပြတင်းပေါက်နှစ်ခု၏ အကြားအလပ်ထဲသို့ ထိုးထည့်လိုက်သည်။
"အဆင်ပြေတယ်။ ဒါက ကြပ်တယ်။ မဝင်လာနိုင်ဘူး"
"မျိုးဆက်တစ်ခုထက်တစ်ခု ပိုပိုဆိုးလာတယ်"
သူဌေးရှောင်သည် အံ့အားသင့်စွာဆို၏။
"ကြာလေ ပိုရုပ်ဆိုးလာလေပဲ။ ခုနက တီကောင်လိုမျိုး"
"မျိုးရိုးဗီဇ ပေါင်းစပ်တာလေ"
ကဗျာဆရာသည် ဖန်မျက်နှာပြင်ကို ကြည့်နေ၏။
"ပေါင်းစပ်မှု မြင့်လေလေ၊ ရုပ်က ပိုထူးဆန်းလာလေ၊ ကူးစက်နိုင်စွမ်းက ပိုပြင်းထန်လာလေပဲ။ ကျွန်တော် သိပ္ပံပညာရှင်တစ်ယောက်ကို သိတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တွေအတွင်း လူသားတွေရဲ့ လေ့လာမှုအားလုံးက ကူးစက်ခြင်းနိယာမကို မရှင်းပြနိုင်သေးဘူးလို့ သူက ပြောတယ်"
သူဌေးရှောင်က ပြန်ဖြေသည်။
"အိုး"
သူသည် ခံစားချက်မဲ့သော အသံကို ထုတ်လိုက်သည့်တိုင် ခန္ဓာကိုယ်အား ပြတင်းပေါက်နှင့် ဝေးနိုင်သမျှဝေးသော အခန်းထောင့်သို့ ကျုံ့ဝင်လိုက်ကာ ဆိုလာ၏။