အခန်း (၃၄)
သူသည် စိတ်မရှည်သော မှိုမဟုတ်ပေ
ဖြူဆွတ်ဆွတ် myceliumများကို ဆန့်ထုတ်လိုက်ကာ သတ္တုဆန်ခါ၏ မျက်နှာပြင်ထက်တွင် ညင်သာစွာ ထားလိုက်၏။ ထို့နောက် ၎င်းသည် သတ္တုဆန်ခါ၏ သေးငယ်သော အကြားအလပ်များကို ဖြတ်ဖောက်သွားသည်။
လုံခြုံသည်။ အနည်းဆုံးတော့ ဤနေရာတွင် သေစေနိုင်လောက်သော လက်နက်ဟူ၍ မရှိ၊ သတ္တုအဟန့်အတားသာ ရှိသည်။
ပထမmyceliumသည် သတ္တုသုံးလွှာကို ဖြတ်ကျော်ကာ ပိုက်လုံးထဲသို့ ရောက်ရှိသွားသည့်နောက် ကျန်ရှိနေသော myceliumများသည်လည်း အရှေ့သို့တိုးလာကာ စုစည်းလာကြ၏။ ၎င်းတို့သည် အလွန်ပျော့ပျောင်းကာ ကွေးနိုင်ဆန့်နိုင်သောကြောင့် အရည်အခြေအနေနီးနီး ဖြစ်ပေါ်နေ၏။ ဖြူဆွတ်ဆွတ်ဒီရေသည် သတ္တုဆန်ခါ၏ အလွှာသုံးလွှာစလုံးကို ဖြတ်သန်းစိမ့်ဝင်ပြီးသည့်နောက် အနောက်ဘက်တွင် ပြန်ပေါင်းသွားကြ၏။ အရှေ့သို့ ဆန့်တန်းနေသောပိုက်သည် အန်းကျယ်၏မြင်ကွင်းရှေ့၌ ပေါ်လာသည်။ ပိုက်၏နံရံသည် တစ်ခုလုံးအနေဖြင့် ချောမွေ့သော်ငြား အချို့နေရာများတွင် သံချေးအကွက်အပြောက်များ ရှိနေပြီး၊ သံချေးနံ့များ ပျံ့နှံ့နေသည်မှာ သွေးအနံ့များကဲ့သို့ပင်။ လေသည် ပိုက်၏အဆုံးမှ တိုက်ခတ်နေ၏။
အန်းကျယ် အရှေ့သို့ ဆက်ရွှေ့သည်။ သူ့၏myceliumတို့သည် ပိုက်၏နံရံများထက်တွင် အတက်အလက်များကဲ့သို့ ရှိနေကာ သူသည် အရှေ့သို့ ချောချောမွေ့မွေ့ပင် စီးဆင်းနေ၏။ ပိုက်သည် ဖြောင့်တန်းနေ၏။ ထောင့်မှန်ချိုးကို ကွေ့ပြီးသည့်နောက် ပိုက်သည် ဖြောင့်တန်းနေဆဲပင်။ သူ အရှေ့သို့ ဆက်လက်ရွေ့လျားရာ လမ်းဆုံလမ်းခွတစ်ခုသည် သူ့၏အရှေ့တွင် ပေါ်လာ၏။ အနည်းငယ်ထူသော အလျားလိုက်ပိုက်သည် သူရှိနေသည့် လက်ရှိပိုက်နှင့် ဆက်နေ၏။
လေသည် ပိုမိုအားပြင်းလာကာ လေစီးဆင်းမှုသည် ရှုပ်ထွေးနေပြီး ဤကြီးမားသော ပိုက်လိုင်းစနစ်သည် ကွေ့ကောက်နေသည့် ဝင်္ကပါတစ်ခုနှင့် တူကြောင်းကို ဖော်ပြနေ၏။
ခဏတာ တုံ့ဆိုင်းနေပြီးသည့်နောက် mycelium အပိုင်းရှည်တစ်ခုကို အန်းကျယ် ဆန့်ထုတ်လိုက်ကာ ပိုက်ထဲတွင် ထားခဲ့လိုက်၏။ ထို့နောက် အရှေ့သို့ သူ ဆက်ရွှေ့သည်။ လုဖုန်းသည် သူ့ကို တော်သည်ဟုထင်မည် မဟုတ်သော်ငြား သူသည် တုံးအနေခြင်းလည်းမဟုတ်ဟု အန်းကျယ် ခံစားရ၏။ သူ့၏လမ်းကြောင်းကို သည်myceliumနှင့် အမှတ်အသားပြုလုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။ သို့မှသာ မည်သည့်နေရာသို့ သူ သွားစေကာမူ မူလလမ်းကြောင်းအတိုင်း ပြန်လာနိုင်မည်ဖြစ်သည်ပင်။