အခန်း (၄၁)
"ဘာမှ ငါ့အနားကို မကပ်လာပါဘူး"
လုဖုန်းသည် သူ့အား ပေါ့ပေါ့တန်တန် ဖျတ်ခနဲကြည့်လာကာ မေးခွန်းကို တည့်တည့်မဖြေပေ။ ထိုအစား သူသည် အသံတစ်သံကို ပြုလုပ်လာ၏။
"ဟမ်?"
သူဖြေဖို့ရာ အင်တင်တင်ဖြစ်နေသည်ကို အန်းကျယ် တွေ့လိုက်ရသည်။ သို့သော် သူ ရနိုင်မည့်သဲလွန်စများကို တွေးတောလိုက်ပြီးသည့်နောက် သူ့၏သတ္တိကို မောင်းတင်ကာ ပြောလိုက်တော့၏။
"တစ်ခုခုက ခင်ဗျားအနားကို ကပ်လာတယ်ဆိုတာ..."
"ဘာမှ ငါ့အနားကို မကပ်လာပါဘူး"
"ခုနက ဒေါက်တာပြောတော့-"
"ငါ ပရောဂျက်တစ်ခုကို သွားကြည့်တာ"
လုဖုန်း၏လေသံသည် အလေးအနက်မဲ့လျက်။
"နောက်ထပ် ဘာမှမရှိဘူး"
သိလိုစိတ်ပြင်းပြမှုကြောင့် အန်းကျယ် သေလုမတတ်ပင်။ လုဖုန်း သွားကြည့်ခဲ့သည့် ပရောဂျက်မှာ အဘယ်နည်းဟု သူ မေးလိုသော်ငြား ထိုလူသည် သူ ဘာမျှမလုပ်ခဲ့ဟု ပြောနေလေ၏။
"ဓာတ်ခွဲခန်းတစ်ခုက သူ့ကိုခေါ်တာ"
ဆရာဝန်သည် စောင့်ကြည့်စစ်ဆေးသောစက်ကိရိယာဆီသို့ ပြန်သွားသည်။
"ပုံမှန်လိုပဲ သူ အလုပ်လုပ်တယ်၊ ပူးပေါင်းလုပ်ဆောင်ပြီးတာနဲ့ ပြန်လာတယ်။ ဒါပေမဲ့ နောက်ထပ် အကြိမ်နည်းနည်းလောက်တော့ အဲဒီကို သူ ထပ်သွားရဦးမယ်"
ထိုသို့ပြောပြီးသည့်နောက် ဆရာဝန်သည် စစ်နန်၏ ယခင်ဗီဒီယိုများပေါ်တွင် အာရုံစိုက်သွား၏။
လုဖုန်း၏ တွေးခေါ်ပုံသည် လွန်စွာ ဖမ်းရခက်၏။ အကယ်၍ အန်းကျယ်သည် အဓိကအချက်များကို မဖမ်းဆုပ်မိပါက ဆရာဝန်သည်လည်း မေးခွန်းများကို ဖြေကြားနိုင်မည် မဟုတ်ပေ။ အန်းကျယ်သည် မည်သည့်သတင်းမျှ မရနိုင်ဘဲ၊ လုဖုန်း၏ဘေးတွင်ထိုင်ကာ မည်သည့်အဖြေမျှ မရသည့်အတွက် ဘဝင်မကျဖြစ်နေပြီး အားမလိုအားမရ ဖြစ်နေရသည်။ သူ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်မိသွားမည်ကို စိုးရိမ်သဖြင့် အများကြီး မမေးမြန်းနိုင်သည့် သူ့ကိုယ်သူလည်း မုန်းတီးမိသည်။ အနောက်မှလိုက်သွားရန် သူ့စိတ်ကိုသူ ဆုံးဖြတ်ထားလျက် လုဖုန်း ထပ်သွားမည်ကိုသာ သူ စောင့်နေလိုက်၏။