အခန်း (၃၁)
"ပျားလပို့နှင့်တူသည်"
လက်ကိုင်ကို ကိုင်ထားလျက် အန်းကျယ် မေးလိုက်သည်။
"အခု ကျွန်တော်က လိင်ပိုင်းဆိုင်ရာ ကျူးကျော်မှုကို ကျူးလွန်တဲ့အပြစ်သား မဟုတ်တော့ဘူးလား"
"မဟုတ်ဘူး"
လုဖုန်းသည် အိပ်ခန်းဘက်သို့ လှည့်ကာ ပြောသည်။
"လိင်ပိုင်းဆိုင်ရာ ကျူးကျော်တဲ့ပြစ်မှုက ခံရသူရဲ့ဆန္ဒပေါ် မူတည်တယ်"
ထိုသူသည် သူ့ကိုယ်သူ ခံရသူဟု ခေါ်ရလောက်အောင်ပင် အရှက်တရား ကင်းမဲ့လွန်း၏။
အန်းကျယ်သည် ထိုသူ၏လှည့်ကွက်များကို ရိပ်စားနှင့်ပြီးဖြစ်သည်။ သူသည် သေတ္တာကို အိမ်သို့ဆွဲလာကာ အခန်း၏ မထင်ပေါ်ဆုံး ထောင့်တစ်နေရာ၌ ထားထားလိုက်သည်။ သူသည် အထဲရှိ လုဖုန်းအား နေမင်းကြီးကိုပင် မြင်တွေ့ခွင့်ပြုမည်မဟုတ်ပေ။
ထိုအချိန်တွင် ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်မှု ပြီးဆုံးသွားပြီဖြစ်ကာ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် လာနေ၏။ ချိုသာသော အစီအစဉ်မှူးက အခြေစိုက်စခန်းတည်ရာ မြေပြန့်လွင်ပြင်တွင် ဖြစ်တောင့်ဖြစ်ခဲ လေထန်ရက်များ ကျရောက်မည်ဖြစ်ရာ တံခါးများနှင့် ပြတင်းပေါက်တို့ကို ပိတ်ထားရန် မှာကြားနေသည်။
ကနဦး၌ အန်းကျယ်သည် မှိုအဖြစ် ရှိခဲ့စဉ်အခါက လေပြင်းများကို ကြောက်ရွံ့ခဲ့သည်။ လေပြင်းများသည် မှိုတစ်ပွင့်အား အဝေးသို့ လွင့်ပါစေနိုင်သောကြောင့်ပင်။ နောက်ပိုင်း သူ၏ခန္ဓာကိုယ်သည် ကျိုးပဲ့သွားကာ ပြောင်းလဲလာပြီး လေကိုကြောက်ရွံ့ခြင်းသည် တဖြည်းဖြည်း ပို၍လျော့နည်းလာ၏။ ထိုအစား လေတိုက်ခံရသည့် ခံစားချက်ကိုပင် နှစ်သက်လာ၏။
ဆေးကြောပြီးသည့်နောက် သူသည် အိပ်ခန်းထဲသို့ ပြန်သွားကာ ခေတ္တမျှ ဖတ်စာအုပ် ဖတ်နေလိုက်သည်။ ညသည် နက်သည်ထက် နက်လာရာ အန်းကျယ်သည်လည်း အိပ်ရန်စီစဉ်လိုက်၏။
ထိုအခိုက်အတန့်တွင် တိုးလျကာ ထူးဆန်းသော အသံတစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။