အခန်း (၁၁)
ရုတ်တရက် လုဖုန်းသည် သူ့ထံသို့လက်လှမ်းလာသည်
ပထမဦးဆုံးအကြိမ်အဖြစ် လုဖုန်း၏အပြုံးအား အန်းကျယ် မြင်တွေ့ရခြင်းဖြစ်သည်။ သူတို့သည် တစ်ကြိမ်တည်းသာ တွေ့ဆုံခဲ့ဖူးပြီး၊ အပြုံးသည် အလွန်ပင် သေးငယ်သော်ငြား -
ထိုအလွန်အမင်း သေးငယ်သော ဤအပြုံး၌ ယနေ့တွင် တရားသူကြီးသည် တစ်စုံတစ်ခုအား အနည်းငယ်မျှော်လင့်နေပုံကို အန်းကျယ် မြင်လိုက်ရသည်။
ထို့နောက် အပြုံးငယ်သည် ပျောက်ကွယ်သွားကာ လုဖုန်း၏ အမူအရာမဲ့မျက်နှာသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုသူ၏ ဖြူဖြူရှည်ရှည် လက်ချောင်းများသည် အနက်ရောင်သေနတ်အား ကစားနေပြီး၊ လုံးလုံးလျားလျား အန္တရာယ်ရှိသော လှုပ်ရှားမှုပင် ဖြစ်ပေသည်။
အန်းကျယ် မဝံ့မရဲမေးလိုက်၏။
"ကျွန်တော် အခုသွားလို့ရပြီလား"
လုဖုန်းသည် အမူအရာမဲ့နေဆဲဖြစ်ကာ မေးလာ၏။
"မင်း ဒီမှာဘာလုပ်နေတာလဲ"
အန်းကျယ် အမှန်အတိုင်း ဖြေလိုက်သည်။
"ကျွန်တော် ဒီမှာအလုပ်လုပ်တာ"
"ပထမထပ်လား၊ ဒုတိယထပ်လား"
"...တတိယထပ်"
"ဪ"
တရားသူကြီးငယ်၏ မှတ်တမ်းတင်သံ ရပ်တန့်သွားသည့်အချိန်အထိ ရှည်ကြာလှသော တိတ်ဆိတ်မှုကြီးတစ်ခုက ရှိနေခဲ့သည်။ ထို့နောက် တရားသူကြီးငယ်က ဆို၏။
"စစ်ဆေးမေးမြန်းချိန် စကားပြောတဲ့အခါ ဘာမူမမှန်မှုမှ မရှိဘူး။ အဲဒီအချက်က စစ်ဆေးခံလူက လူသားဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးပါတယ်"
လုဖုန်းသည် တရားသူကြီးငယ်အား ဖျတ်ခနဲကြည့်လိုက်သည်ကို အန်းကျယ် မြင်လိုက်ရ၏။ သို့သော် ထိုအကြည့်သည် ချီးမွမ်းသည့်ပုံမရပေ။
သူ ထပ်မေးလိုက်သည်။
"ကျွန်တော် သွား-"
လုဖုန်းသည် ဖြတ်ပြော၏။