အခန်း (၄၀)
"မင်း အဲဒါကို ဘာလုပ်လိုက်တာလဲ?"
အန်းကျယ် အိပ်မက်မက်နေသည်။
သူသည် အနက်ရောင်ရေပြင် Abyss၏အပေါ်တွင် မတ်တပ်ရပ်နေသည့်ပုံရကာ သူ့၏အရှေ့၌ အဆုံးအစမဲ့ လစ်ဟာနေသော ကမ္ဘာလောကကြီးသာလျှင် ရှိနေ၏။ အန္တရာယ်အငွေ့အသက်သည် လက်တစ်ဖက်အလား သူ့အား ဖမ်းဆုပ်ထားသည်။ အဝေးရှိအမှောင်ထုထဲမှ တစ်စုံတစ်ရာသည် သူ့ကို စောင့်ကြည့်လျက်ရှိကာ သူသည် အသက်မရှုနိုင်။
အန္တရာယ်ကို သူ ခံစားလိုက်ရသည်။ မသိစိတ်၏စေ့ဆော်မှုအရ ဘေးပတ်ပတ်လည်ကို သူ ကြည့်လိုက်ပြီး အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ ထိုအန္တရာယ်ရှိသော အကြည့်၏ရှေ့မှောက်တွင် လုံခြုံသည့် ခံစားချက်ရရှိရန် တစ်ယောက်ယောက်ကို သူ ရှာဖွေလိုသည်၊ သို့တည်းမဟုတ် တစ်ယောက်ယောက်နှင့် သူ နီးကပ်လို၏။
ထို့ကြောင့် သူ့၏လက်သည် စိုးရိမ်တကြီး လှုပ်ရှားသွားကာ၊ လုဖုန်းအင်္ကျီလက်၏ ထောင့်စွန်းအား အသာ ဖမ်းဆုပ်လိုက်သည်။
သူ့၏အသက်ရှုသံတို့ အနည်းငယ် စိပ်လာသည်မှာ သူသည် ကြောက်လန့်နေသည့်အလား။
လုဖုန်းသည် ငွေရောင်အအေးသေတ္တာ၏ အဖုံးကို ပိတ်လိုက်ကာ လစ်ဟင်းသွားသည့် ဆေးထိုးအပ်အား ခုတင်ဘေးရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။ ပြီးနောက် သူသည် သေနတ်အား ကုတင်ခေါင်းရင်းမှ လှမ်းယူ၍နိုင်သည့် နေရာ၌ ထားထားလိုက်၏။
ဤအရာအားလုံးကို ပြုလုပ်ပြီးသည့်နောက် အန်းကျယ်၏ မူလက မြန်ဆန်နေသော အသက်ရှူနှုန်းသည် တည်ငြိမ်သွား၏။ သို့သော် သူ၏မျက်ခုံးလှလှလေးများသည်ကား အနည်းငယ်ကြုတ်နေဆဲပင်။
သေးငယ်သော အနီတောက်တောက် သွေးတစ်စက်သည် အန်းကျယ်၏ လည်ပင်းတစ်ဖက်တွင် ရှိနေသည်။ ထို့နောက် သုံးမိနစ်အတွင်းပင် သွေးစက်သည် ပင်အပ်ပေါက်အရွယ်အစား အနီရောင်အစက်ကလေးအဖြစ်သို့ ခဲသွား၏။ သူ့၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည့် အရာသည် ထိုသွေးစက်လေးမှလွဲ၍ သူ၏ခန္ဓာကိုယ်အား မည်သို့သော ထိခိုက်ပျက်စီးမှုကိုမျှ မဖြစ်ပေါ်သွားစေပေ။