အခန်း (၈၄)
"နောက်ထပ်တစ်ခု ကိုယ် ကြည့်ကြည့်မယ်"
အန်းကျယ်သည် အိပ်မက်ထဲတွင် နစ်မြုပ်နေ၏။
ထိုကဲ့သို့အိပ်မက်မျိုးကို ဟိုအရင်အချိန်တုန်းက သူ မက်ခဲ့ဖူးသည် - လုဖုန်းကို သူ ထားသွားခဲ့သည့်နေ့။
တစ်ခါတစ်ရံတွင် နေ့အချိန်ဖြစ်နေသည်မှာ ထင်ရှားသော်ငြား၊ သူသည် နိုးကြားနေသည့်တိုင် အိပ်မက်ထဲသို့ တဖန် နစ်မျောသွားသည်ပင်။ ယင်းမှာ သေအံ့ဆဲဆဲ လူတစ်ယောက်၏ စိတ်အာရုံချောက်ချားခြင်းပင် ဖြစ်နိုင်ပေ၏။ သူသည် ပေါ်လီ့ကို ထိုအကြောင်း မပြောပြခဲ့ချေ။ သွေးအန်ခြင်း၊ အဖျားကြီးခြင်းနှင့် နေရာအနှံ့ နာကျင်ကိုက်ခဲခြင်းတို့သည်ပင် ပေါ်လီအား အလွန့်အလွန် စိတ်ပူပန်စေနှင့်ပြီးဖြစ်၏။
အိပ်မက်ထဲတွင် သူ့၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲနေကာ၊ တစ်ခြမ်းသည် ကုန်းမြင့်ဒေသ သုတေသနအဖွဲ့အစည်း၌ ရှိနေပြီး ကျန်တစ်ခြမ်းသည် လူသားခန္ဓာကိုယ်၏ လေးလံမှုနဲ့ နာကျင်မှုများမရှိရာ မသိနိုင်သော နေရာတစ်နေရာတွင် ရှိနေလေသည်။
အိပ်မက်ထဲ၌ သူ့တွင် မျက်လုံးများ၊ နားရွက်များ၊ အနံ့အာရုံနှင့် လူသားအသိစိတ်ဟူ၍ ဘာမျှမရှိပေ။ ဤသည်မှာ သူ မွေးဖွားလာခဲ့စဉ်အခါက မိုးရေရွှဲရွှဲစိုနေသော မြေဆီလွှာထဲ၌ မြှုပ်ခံထားရသည့် ခံစားချက်ကဲ့သို့ပင်။ မှိုများတွင် လူသားဘာသာစကားနှင့် ဖော်ပြ၍မရနိုင်သော ကိုယ်ပိုင်အသိတရားတို့ရှိ၏။
သူသည် လုဖုန်းနံဘေးမှ သိပ်မဝေးသည်ကို သိနေ၏။ ယင်းမှာ လုဖုန်းကို ထားရစ်ခဲ့ပြီးနောက် ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်လိမ့်မည်ပင်။ သို့သော်ငြား ၎င်းသည် အိပ်မက်များထဲတွင် လုဖုန်းအနားသို့ နီးကပ်သွားခြင်းထံမှ သူ့ကို မတားဆီးနိုင်ပေ။
အိပ်မက်သည် အမြဲတစေတော့ဖြင့် မပျော်ရွှင်ရ။ တစ်ခါတစ်ရံတွင် သူသည် ပိတ်ထားသော ပုလင်းထဲတွင် ထည့်ထားခံရကာ အေးစက်စက် အရည်များလည်း ပါရှိနေသည်။ အစ၌ ဒေါက်တာကျိသည် သူ့၏ဘေးတွင် ရှိနေ၏။ ထို့နောက်တွင် ပေါ်လီရှိနေကာ ဝင်ထွက်သွားလာနေသည့် လူများစွာလည်းရှိနေသည်။