အခန်း (၅)
“လုဖုန်း နင်သေရလိမ့်မယ်”
ဗန့်စ်၏သွေးများသည် အန်းကျယ်၏ မျက်စိရှေ့၌ပင် ပျံ့နှံ့သွားကာ သွေးအရောင်မှာ အနီရောင်ရင့်ရင့်ဖြစ်၏။ တန်းစီနေသည့်လူများသည် လှုပ်ရှားသံများကိုညကြားကာ သည်နေရာထံသို့ လှည့်ကြည့်လာကြသည်။ မည်သည့်အရာဖြစ်ပျက်နေကြောင်း တွေ့မြင်သည့်အခါ ဘာမျှမဖြစ်ပျက်ခဲ့သည့်အလား ပုံမှန်ကဲ့သို့ပင် ပြန်လှည့်သွားကြ၏။
သို့သည့်တိုင် ဗန့်စ်သည်ကား သေဆုံးခဲ့ပြီပင်။ လူသားအခြေစိုက်စခန်း၏ ဂိတ်ပေါက်တွင် လူတစ်ယောက် အသတ်ခံရသော်ငြား တစ်ဦးတစ်ယောက်မှ အငြင်းပွားလာခြင်းမရှိပေ။
ထိုပုဂ္ဂိုလ်သည် မတိုင်မီတစ်ရက်က ဗန့်စ် သူ့အားပြောပြခဲ့သည့် တရားသူကြီးဖြစ်ကြောင်းကို အန်းကျယ် ရုတ်ခြည်း သဘောပေါက်သွားသည်။
ထိုသူသည် ဂိတ်မှဝင်လာသူတိုင်းကို လူသားလော၊ ရောနှောလူလောဟု ဆုံးဖြတ်စစ်ဆေးသည့် တရားခုံရုံးတော်၏ အရှင်သခင်ဖြစ်သည်။ သူသည် မည်သူမဆို၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား ဆုံးဖြတ်နိုင်သည်။ မည်သည့်သူဖြစ်စေကာမူ မည်သည့်အကြောင်းပြချက်မျှပေးရန် မလိုအပ်ပေ။
ယခုအကြိမ်သည် ရုံးတင်စစ်ဆေးခြင်းကို ရင်ဆိုင်ရမည့် အန်းကျယ်၏အလှည့်ဖြစ်၏။
အစတွင် သူ၏နှလုံးအိမ်သည် အပြင်းအထန်ဘခုန်လှုပ်နေ၏။ သေနတ်ပြောင်းဝသည် သူ့အား ချိန်ရွယ်လိုက်သည့် တဒင်္ဂ၌ သူသည် အမှန်တကယ်ပင် သေဆုံးရတော့မည် ဖြစ်ကြောင်းကို အန်းကျယ် သဘောပေါက်သွား၏။
သို့သော်ငြား တရားသူကြီး၏ အေးစက်စက် အစိမ်းရောင်မျက်ဝန်းတစ်စုံကို ကြည့်ခြင်းက သူ့အား တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာစေသည်။
မြောက်ဘက်အခြေစိုက်စခန်းဆီသို့ လာရောက်ခြင်းသည် သူ လုပ်ရမည့် ဆုံးဖြတ်ချက်ပင်။ ထို့ကြောင့် ရလဒ်သည် မည်သို့ပင်ဖြစ်စေကာမူ ဤစစ်ဆေးခြင်းသည်ကား သူ၏အဆုံးသတ်ဖြစ်၏။
ငြိမ်သက်နေလျက် သူသည် စိတ်ထဲ၌ စက္ကန့်များကို ရေတွက်နေလိုက်သည်။