အခန်း (၃၃)
သူ ပေါက်ထွက်သွားလိမ့်မည်
အောက်ထပ်သို့ သူတို့ ရောက်ရှိကာ လုဖုန်း၏ကားပေါ်မှ ဆင်းလိုက်ပြီးသည့်နောက် ထိုသူ့အား အန်းကျယ် ပြောလိုက်သည်။
"ကျေးဇူးပါ"
"ကျေးဇူးတင်ဖို့ မလိုပါဘူး"
လုဖုန်းကပြော၏။
"ထမင်းစားပြီးပြီလား"
"ကိုယ့်ဘာသာချက်မလို့"
"အာလူးစွပ်ပြုတ်?"
"အင်း"
လုဖုန်းက မေးသည်။
"မင်း ကြိုက်လို့လား"
အန်းကျယ် အခိုက်အတန့်မျှ စဉ်းစားလိုက်သည်။
"ကြိုက်တယ်။ ဒါပေမဲ့ အခြားဟာဝယ်ဖို့လည်း ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလေ"
လုဖုန်းသည် ခေါင်းညိတ်၏။
"ငါ သိပြီ။ ဒီည ငါ မင်းကို ထူးခြားတာတစ်ခုကျွေးမယ်"
အန်းကျယ် မေးလိုက်သည်။
"ဘာလို့လဲ"
လုဖုန်းသည် ပေါ့ပေါ့တန်တန်ပြော၏။
"ငါ့ဆီကို ရောနှောမျိုးစိတ် ခေါ်လာပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ပေါ့"
ယင်းမှာ မှန်ကန်၏။ သူ့ကြောင့်သာလျှင် စစ်နန်ကို သတိပြုမိခြင်းဟု လုဖုန်းက ပြောသည်။
သို့နှင့် အစားအသောက်ဧရိယာတွင် ရွေးချယ်နိုင်သည့် အခွင့်အရေးကို အန်းကျယ် ရရှိသွားသည်။ အခြေစိုက်၏စခန်းမှ ပေးသော အစားအသောက်စာရင်းနှင့်မတူဘဲ နောက်ဆုံး၌ သူသည် ခရမ်းချဉ်သီး၊ အာလူးနှင့် အေးခဲနေသော အမဲသားတို့အား ဝယ်ဖြစ်ခဲ့သည်။ အမဲသား၏တန်ဖိုးသည် အလွန်ဈေးမြင့်ကာ ဘေးတွင် ပြတ်လပ်မှုရှိမည်ဟု ပြောထားသည့် အထူးဆိုင်းဘုတ်တစ်ခုလည်း ရှိနေ၏။ ၎င်းကို ဝယ်ယူရန် သူတုံ့ဆိုင်းနေသည်။ သို့သော် သူတုံ့ဆိုင်းနေသည့် အခိုက်အတန့်၌ လုဖုန်းသည် သူ၏ကဒ်ကို ပွတ်တင်လိုက်ပြီးဖြစ်၏။ အကြွေးဝယ်ကဒ်စက်ပေါ်၌ ပြသနေသည့် ငွေစာရင်းသည် လူတွေကြားရှိ ကွာခြားချက်ကို အန်းကျယ်အား ခံစားသွားရစေ၏။