အခန်း (၂၈)
ဒီလောက်သာယာတဲ့ညမှာ အလျှော့မပေးလိုက်ပါနဲ့ဦး
“ဒီလောက်သာယာတဲ့ညမှာ အလျှော့မပေးလိုက်ပါနဲ့ဦး - “
အန်းကျယ်နှင့်ကောလင်းသည် ရှည်လျားကျဉ်းမြောင်းသော အဖြူရောင်စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာ၏။ ကလေးငယ်တို့၏အသံများကို ပေါင်းစည်းထားသော စာဖတ်သံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်နေကာ ပဲ့တင်သံအလား သူတို့၏ပတ်ပတ်လည်တွင် တုန်ဟည်းနေ၏။
ဤနေရာသည် ဧဒင်ဥယျာဉ်၏ ဆဋ္ဌမထပ်ဖြစ်ကာ သူတို့အား ဤနေရာသို့ ခေါ်လာသည့်သူသည် အသက်(၃၀)အရွယ်ရှိကာ လင်းကျောဟုခေါ်သည်။ သူသည် အဖြူရှောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရွှေအနားကွပ်မျက်မှန်တစ်လက်ကို တပ်ဆင်ထားကာ နူးညံ့သိမ်မွေ့ပုံရ၏။
သူတို့နှစ်ယောက်အား ရုံးခန်းထဲသို့ ခေါ်သွားကာ လင်းကျောက မေးလာသည်။
“ဒီမှာအဆင်ပြေရဲ့လား”
ကောလင်းကဖြေ၏။
“အရမ်းကောင်းပါတယ်”
လင်းကျောသည် သူတို့ကိုပြော၏။
“ပင်မမြို့တော်ရဲ့ အခြေအနေက ပြင်ပမြို့တော်ထက် ပိုကောင်းတယ်”
အန်းကျယ် နားလည်သည်။ ပြင်ပမြို့တော်၌ သူရှိစဉ်အခါက ဤကမ္ဘာပေါ်တွင် ဧဒင်ဥယျာဉ်ကဲ့သို့သော ဧရာမအဆောက်အဦကြီး ရှိလိမ့်မည်ဟု သူ လုံးဝ မတွေးခဲ့ဖူးပေ။
စင်္ကြံတွင် ရုံးခန်းမပါဘဲ စုစုပေါင်း အခန်း(၁၀)ခန်းရှိ၏။ သူတို့ထဲမှ(၅)ခန်းသည် စာသင်ခန်းများဖြစ်ကာ ကျန်(၅)ခန်းသည် ကလေးများ၏အိပ်ဆောင်ဖြစ်သည်။ အိပ်ဆောင်များသည် ခုတင်ငယ်တို့နှင့် ပြည့်နှက်နေကာ တစ်ခန်းစီသည် လူတစ်ရာဝင်ဆံ့နိုင်၏။ လင်းကျောပြောစကားအရ ဧဒင်ဥယျာဉ်တွင် ထိုကဲ့သို့စင်္ကြံလမ်း (၁၀)လမ်းရှိကာ၊ တစ်ခုချင်းစီ၌ အသက်အရွယ်တူညီသည့် ကလေးငယ်များရှိသည်။ တစ်နည်းပြောရလျှင် အသက်ခြောက်နှစ်ပြည့်ခါနီးသော ကလေးငယ်(၄၀၀၀)ရှိ၏။
“ကလေးတွေ အသက်ခြောက်နှစ်ပြည့်တာနဲ့ အများစုကို မွေးစားဖို့ ပြင်ပမြို့တော်ကိုပို့တာ။ ဒါပေမဲ့ အခု ပြင်ပမြို့တော်က ကျရှုံးသွားပြီဆိုတော့ သူတို့ အသက်ခြောက်နှစ်ပြည့်ပြီးရင် ပင်မမြို့တော်ကပဲ ပညာရေးအလုပ်တွေကို တာဝန်ယူရတော့မယ်။ လူအင်အားမလုံလောက်ဘူး ဖြစ်နေတာ။ အဲဒါကြောင့် မင်းတို့ရောက်လာတာ ကံကောင်းတာပဲ”