အခန်း (၃၉)
"ခင်ဗျား တုန်လှုပ်သွားလို့ မဖြစ်လို့မဟုတ်လား?"
ဗိုလ်မှူး၏အခန်းသည် လူတစ်ဦးတစ်ယောက်မျှ မနေထိုင်ဖူးသည့် အခန်းတစ်ခန်းအလား။
ပြင်ပမြို့တော်ညကာကွယ်ရေးစခန်းရှိ သူ၏နားနေခန်းနှင့် ထပ်တူညီလုနီးနီးပင်။
ဗိုလ်မှူး၏အခန်း မည်သည့်ပုံစံရှိကြောင်းအား အန်းကျယ် သိနေရခြင်းသည် ဓာတ်လှေကားတံခါးပွင့်သွားချိန်တွင် သူ့၏ပတ်ပတ်လည်သည် အလွန်အေးစက်လာသည်ဟု ခံစားလိုက်ရသောကြောင့်ဖြစ်၏။
သူ ခေါင်းပြန်လှည့်ကြည့်လိုက်သည်။ လုဖုန်း၏မျက်လုံးတို့နှင့် ဆုံသွား၏။
ဗိုလ်မှူးသည် တံခါးပေါင်ကို မှီနေကာ လက်ပိုက်ထားလျက်။
"ပြန်လာခဲ့"
အန်းကျယ်၏နှုတ်ခမ်းများ ပြေပြန့်သွားသည်။
စင်စစ်တွင် သူနှင့်စဲ့လန်သည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြ။ ဓာတ်လှေကားခလုတ်ကို သူ နှိပ်နေစဉ် ထိုအကြောင်းကို စဉ်းစားမိသေး၏။ အကယ်၍ စဲ့လန်သည် အိမ်တွင်ရှိမနေပါက သို့မဟုတ် သူ့၏တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပါက၊ သူသည် ကိုးရိုးကားရားနိုင်စွာ ကောလင်းကိုသာ အကူအညီတောင်းခံရမည်ဖြစ်သည်။
လုဖုန်းကို သူ ပြန်လှည့်ကြည့်လိုက်သည်။ ရုတ်ခြည်းပင် အနည်းငယ်ဝမ်းနည်းလာကာ စိတ်ထိခိုက်သွားသည်ဟု ခံစားလိုက်ရ၏။ ဤအခြေစိုက်စခန်း၌ သူ့ထံတွင် သူငယ်ချင်းမရှိကြောင်းကို ထိုသူသည် ရှင်းရှင်းလင်းလင်း သိပေ၏။
လုဖုန်းသည် သူ၏ပျက်ယွင်းနေသော အမူအရာကို တွေ့ကာ မေးလာသည်။
"ဘာဖြစ်လို့လဲ"
အန်းကျယ် မျက်လွှာချလိုက်သည်။ ဘာပြောရမည်ကို သူ မသိ။ သူသည် အမှန်တကယ်ပင် လုဖုန်း၏ အခန်းတွင်နေရန် တောင်းဆိုလိုသော်ငြား ဗိုလ်မှူးက ငြင်းဆန်လိုက်မည်ကို စိုးရိမ်နေမိ၏။
ထို့နောက် လုဖုန်း၏ နူးနူးညံ့ညံ့ရယ်မောသံအား သူ ကြားလိုက်ရသည်။