အခန်း (၁၅)
"ငါ့ကို ရေတစ်ခွက် သွားငှဲ့လာပေး"
အန်းကျယ်နှင့်လုဖုန်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
လုဖုန်း၏ မျက်နှာအမူအယာသည် အခါတိုင်းလိုပင် ဂရုမစိုက်ဟန်ဖြင့်၊ သူ၏မျက်လုံးတို့သည်ကား တည်ငြိမ်လေးနက်နေသည်။
အန်းကျယ်သည် စကားကို ပြေပြစ်စွာပင် မပြောနိုင်။
"မ... မလိုပါဘူး"
သေတ္တာထဲတွင် အခြားတစ်ခုရှိနေကာ တရားသူကြီးသည် ရုတ်တရက်ကြီး ကူညီလိုလာပါက၊ သူ့တွင် ထိုသူနှင့် အဆက်အဆံအများကြီး လုပ်လိုသည့် ဆန္ဒမရှိသော်ငြား ငြင်းဆန်မည်တော့မဟုတ်ပေ။
သို့ပေသည့် လက်ရှိ ဤသေတ္တာထဲ၌ကား ကောင်းသည့်အရာ ဘာမျှပါရှိနေခြင်းမရှိချေ။
အန်းကျယ်သည် သူ၏လက်အား လီဗာလက်ကိုင်ပေါ်တွင် တင်လိုက်ကာ လုဖုန်းထံမှ ပြန်ယူရန် ကြိုးစားသည်။
"ကျွန်တော့်ဘာသာကျွန်တော် လုပ်နိုင်ပါတယ်"
"လုပ်နိုင်တယ်?"
လုဖုန်းသည် သူ့ကိုကြည့်သည်၊ မျက်ခုံးများ အနည်းငယ် မြင့်တက်သွား၏။
"မင်းက ပထမထပ်မှာနေတာလား"
"...ပဉ္စမထပ်မှာနေတာ။ ဒါပေမဲ့ ကျွန်တော် လုပ်နိုင်ပါတယ်"
"ဪ"
လုဖုန်း၏လက်သည် အန်းကျယ်၏ လက်ချောင်းများကို ကိုင်လိုက်၏။ မည်သည့်အားမျိုး ထိုသူ သုံးလိုက်သည်ကို သူ မသိသော်ငြား အန်းကျယ်၏ လက်များသည် လီဗာမှအဝေးသို့ ဆွဲယူခံလိုက်ရသည်။
ကလစ်ဟူသော အသံနှင့်အတူ လီဗာသည် သေတ္တာထဲသို့ ပြန်တွန်းဝင်သွား၏။ လုဖုန်းသည် ဘေးဘက်ရှိ လက်ကိုင်အား လက်တစ်ဖက်နှင့်ကိုင်ကာ သေတ္တာတစ်ခုလုံးကို လွယ်ကူစွာ မသွား၏။
အန်းကျယ် : "......!"
သူ အလျင်စလိုပြောလိုက်သည်။
"တကယ်မလိုပါဘူး"
လုဖုန်းက မေးသည်။
"ပဉ္စမထပ်?"