အခန်း (၁၂)
"မင်းလက်ထဲက ဘာလဲ"
ဖြစ်နိုင်သည်မှာ သုံးစက္ကန့်၊ လေးစက္ကန့်ခန့် ကြာပြီးသည့်နောက် လုဖုန်း၏ လက်ချောင်းများသည် သူ၏မျက်နှာထက်မှ ဖယ်ခွာသွား၏။ အပူချိန်သည် ညနေခင်းလေညှင်းနှင့်အတူ ပျံ့လွင့်သွားကာ အလျင်အမြန်ပင် ကွယ်ပျောက်သွားသည်။
အန်းကျယ် မျက်လုံးတို့ကို တဖန်ဖွင့်လိုက်ရာ ထွက်ခွာသွားသည့် ထိုသူ၏နောက်ကျောပြင်အား တွေ့လိုက်ရသည်၊ ထိုနေ့က အခြေစိုက်စခန်း၏ဂိတ်ပေါက်၌ သူ တွေ့ခဲ့ရသကဲ့သို့ အတိအကျပင်။
ထိုအခိုက်အတန့်တွင် အဖြူရောင်အလင်းများသည် စတုရန်းရင်ပြင်အား ရုတ်ခြည်း ထိန်လင်းသွားစေ၏။
အန်းကျယ် မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ သူ၏မြင်ကွင်းထဲရှိ လုဖုန်း၏ပုံရိပ်သည် မှုန်ဝါးသွားကာ၊ သူ့၏အမြင်အာရုံ ပြန်လည်ကြည်လင်လာချိန်တွင် အနက်ရောင်ပုံရိပ်သည်ကား ကျယ်ပြောသော လူပင်လယ်ထဲ၌ ပျောက်ဆုံးသွားပြီဖြစ်သည်ပင်။ မြို့တော်ကာကွယ်ရေးစခန်းမှ စစ်သားများသည် အရှေ့သို့ ထွက်လာကာ သုစိုင့်၏အလောင်းအား သယ်ဆောင်သွားသည်။ အလင်းရောင်၏အောက်တွင် သူ(မ)၏ရှည်လျားသော အညိုရောင်ဆံနွယ်များသည် ပျားရည်အလား ကျဆင်းနေ၏။ သူ့၏မျက်လုံးတို့သည် ပိတ်နေကာ မျက်နှာသည်ကား ကြည်လင်အေးချမ်းလှ၏။ နောက်ဆုံးအခိုက်အတန့်တွင် မည်သည့်အရာအား သူ တွေးတောနေခဲ့သည်ကို အန်းကျယ် မသိပေ။ ဖြစ်နိုင်သည်မှာ သူ(မ)ပင် မသိခဲ့ပါချေ။
လူများစွာသည် သည်ဘက်သို့ ကြည့်နေကြ၏။ မြို့တော်ကာကွယ်ရေးစခန်းမှ စစ်သားတို့သည် အဝေးသို့ ထွက်သွားသည်နှင့် လူတို့သည် စတင်ကာ တီးတိုးပြောကြတော့သည်။ အန်းကျယ်၏အကြားအာရုံသည် ကောင်းမွန်သည်ဖြစ်ရာ စကားလုံးအချို့ကို သူ ဖမ်းမိလိုက်နိုင်သည်။ လူအတော်များများသည် မှောင်ခိုဈေး မြေအောက်တတိယလွှာ၏ ဇာတ်ဆောင်ကို သိနှင့်ကြပြီးဖြစ်၏။ သူတို့ထဲမှအချို့သည် လှပသောအမျိုးသမီး၏ ထွက်ခွာသွားမှုကို ဝမ်းနည်းပူဆွေးနေကြကာ၊ အချို့သည်ကား သူတို့သည် သားရဲကောင်၏ ကူးစက်ခြင်းခံထားရမည်ကို ကြောက်ရွံ့နေကြသည်။