အခန်း (၂၇)
လူသားကလေးတို့အား သူ စောင့်ရှောက်တော့မည်
“လူသားသိပ္ပံပညာက တောင်တက်သလိုပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက လေပေါ်မှာ ငါတို့ ခြေလှမ်းနေခဲ့ပြီးပြီလေ”
ဆရာဝန်ကပြုံးသည်။
“အဲဒါက ဟိုးအရင် ကမ္ဘာ့သံလိုက်ဆွဲအား ရုတ်တရက်ကြီး ဘာလို့ ပျောက်သွားလဲဆိုတာကို ငါတို့မရှင်းပြနိုင်သလိုပဲ”
ထို့နောက် သူ စကားဆက်မပြောတော့။
“သွားတော့”
ကောလင်းသည် ခေါင်းငုံ့ကာ မည်သည့်စကားမျှ မဆိုဘဲ ဘတ်စ်ကားရှိရာသို့ လျှောက်သွားသည်။ ဆရာဝန်ကို နှုတ်ဆက်စကားဆိုပြီးသည့်နောက် အန်းကျယ်သည် ဘတ်စ်ကားပေါ်သို့ တက်လိုက်၏။
မည်သည့်နေရာတွင် သူ ရှိနေသည်ကို လုဖုန်းမသိ။ အန်းကျယ်သည်လည်း သူ့ကိုမတွေ့မိပေ။ ထိုသူသည် အလွန်အလုပ်များနေကာ၊ ယနေ့တွင် အန်းကျယ်နှင့် နောက်ထပ်ပတ်သက်လိုပုံ မရချေ။ လုဖုန်းသည် သွားနှင့်ပြီပင် ဖြစ်နိုင်၏။
နောက်ဆုံးလူနှစ်ယောက် တက်ရောက်ပြီးသည်ကို အတည်ပြုပြီးသည့်နောက် ဘတ်စ်ကားသည် လမ်းကြောင်းအတိုင်း ရထားဘူတာမှ ထွက်လာခဲ့သည်။ ဤသည်မှာ နောက်ဆုံးတစ်စီးဖြစ်ကာ အတွင်း၌ ပြည့်ကျပ်နေပြီး လူတစ်ရာနီးပါး မတ်တပ်ရပ်နေ၏။ သူတို့၏စမှတ်သည် အဆောက်အဦထဲ၌ဖြစ်ရာ အပြင်ဘက်ကို သူတို့ မမြင်နိုင်ပေ။ သုံးမိနစ်ကြာပြီးသည့်နောက် ဘတ်စ်ကားသည် ဥမင်တစ်လျှောက် ဖြတ်သန်းသွားကာ အပြင်ဘက်မှ မိုးရေစက်များသည် အလင်းနှင့်အတူ ဝင်ရောက်လာ၏။ ရုတ်ခြည်းပင် သူတို့၏အရှေ့သည် လင်းလက်သွားကာ ဘတ်စ်ကားထဲတွင် အသက်ရှူသွင်းသံ မှိန်ပျပျ ထွက်ပေါ်လာသည်။
အန်းကျယ်၏အကြည့်သည် လူအုပ်ကို ဖြတ်ကျော်သွားကာ ပြတင်းပေါက်အပြင်ဘက်သို့ ရောက်ရှိသွား၏။ ဤသည်မှာ နောက်ထပ်ကြားခံနယ်မြေဖြစ်သည်။ သို့သော် ကြားခံနယ်မြေ၏ အနောက်တွင် မရေမတွက်နိုင်သော တလျှပ်လျှပ် လင်းလက်နေသည့် ဖန်မျက်နှာပြင်များနှင့် ပြာမှိုင်းမှိုင်းအရောင်အဆောက်အဦတို့သည် မြေပြင်ထက်မှ ထိုးထွက်နေ၏။