အခန်း (၇၉)
"ဗိုလ်မှူးလုရဲ့ သေဆုံးမှုကို အတည်ပြုလိုက်ပါပြီ"
"ဘာတွေတွေးနေတာလဲ"
ဒေါက်တာကျိသည် လုဖုန်း၏နောက်ဘက်မှ လမ်းလျှောက်ဝင်လာကာ မေးလာသည်။ အရှေ့၌ တောက်ပစွာ ဝင်းထိန်နေသည့် ဧဒင်ဥယျာဉ်နှင့် အမြွှာမျှော်စင် ရှိနေသော ဓာတ်ခွဲခန်းပြတင်းပေါက်ရှေ့တွင် လုဖုန်းသည် မတ်တပ်ရပ်နေ၏။
သူ ချဉ်းကပ်သွားသောအခါ ဗိုလ်မှူးသည် ရောက်တတ်ရာရာ တွေဝေနေခြင်းမဟုတ်သည်ကို သဘောပေါက်သွား၏။ ထိုသူသည် ဆက်သွယ်ရေးစက်နှင့် ကစားနေခြင်းဖြစ်ကာ လင်းနေသောဖန်သားပြင်သည် ဆက်သွယ်သောနေရာ၌ ကျန်ရှိနေဆဲပင်။ ဆရာဝန်သည် မရင်းနှီးသောအမည်ကို လှမ်းကြည့်လိုက်၏။
"ဟတ်ဘတ်ဒ် - ဘယ်သူလဲ"
ဒေါက်တာကျိသည် သူ၏ဘေးတွင် ရပ်နေကာ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
"မင်းမှာ ငါမသိတဲ့သူငယ်ချင်း ရှိသေးတာလား"
လုဖုန်း မဖြေသကဲ့သို့ ဒေါက်တာကျိသည်လည်း ဆက်မမေးပေ။ ဗိုလ်မှူး၏ရှေ့မှောက်တွင် မေးခွန်းတို့ ဖြေကြားခြင်းမခံရသည်မှာ ပုံမှန်ပင်။
သူပြောနေစဉ် sporeဖြူလေးသည် လုဖုန်း၏အင်္ကျီကော်လာထဲမှ ပေါ်ထွက်လာ၏။ ယင်းသည် ဆရာဝန်ကို သတိထားစွာ ကြည့်နေသည့်ပုံရကာ၊ ထို့နောက်တွင် ပုန်းခိုရန် အလျင်အမြန်ပင် အထဲသို့ပြန်ဝင်သွား၏။
"သူက အရမ်းသေးတာပဲ"
ဒေါက်တာကျိ ပြုံးလိုက်သည်။
လုဖုန်းသည် ၎င်းကို ဆွဲထုတ်လိုက်ကာ သူ့၏လက်ဖဝါးထက်တွင် တင်ထားလိုက်၏။ ၎င်းသည် မူလက လက်ဖဝါးကြီး၏ အရွယ်အစားမျှ ရှိသော်ငြား ယခုတွင်မူ တရုတ်ဆီးသီးစေ့၏ အရွယ်မျှသာ ရှိတော့သည်။ ၎င်းသည် လုဖုန်း၏လက်ပေါ်တွင် သူ့ကိုယ်သူ အသည်းအသန် ဝှက်နေသည်မှာ ဒေါက်တာကျိကို ကြောက်နေသည့်အလား။
"ဒီနေ့ ငါ မင်းကိုမလှီးဘူး"
ဒေါက်တာကျိသည် ၎င်းကိုပြော၏။
"မင်း အရမ်းသေးသွားတယ်။ ကောင်းကောင်းနေပြီး အာဟာရရည်တွေ များများစား။ ကြီးလာရင် ငါ မင်းကိုလှီးမယ်"