အခန်း (၅၁)
သေနတ်တိုင်းသည် သူ့ကို ချိန်ရွယ်ထား၏
"တို့တွေက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ အနီးကပ်ဆုံး ဆက်နွယ်နေတဲ့သူတွေပဲ"
ယင်းကို မဒမ်လု ငယ်စဉ်အခါက သူ၏မိခင်သည် သူ့အားပြောခဲ့သည်။ သူ့မိခင်၏ဝမ်းဗိုက်သည် အနည်းငယ်ဖောင်းလာခဲ့ပြီး ဘဝအသစ်တစ်ခုသည် ဝမ်းဗိုက်ထဲတွင် အစပျိုးနေခဲ့၏။
"တို့တွေက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ အနီးကပ်ဆုံးဆက်နွယ်နေတဲ့သူတွေပဲ"
သူ ကြီးပြင်းလာသည့်အခါ ထိုစကားအား အခြားမိန်းကလေးများကို ပြောကြားခဲ့၏။ သူ(မ)သည် အခြေစိုက်စခန်းအတွက် သားသမီး မွေးဖွားပေးသည့်တာဝန်ကို ယူနေခဲ့ရင်း သန္ဓေသားမွေးမြူရေး နည်းပညာ သုတေသနတွင်လည်း သူ့ကိုယ်သူ မြှုပ်နှံထားခဲ့သည်။ ဤသုတေသနသည် အလွန့်အလွန် တန်ဖိုးကြီးရာ သူသည် ဧဒင်ဥယျာဉ်နှင့် မီးပြတိုက်အား လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည့် တစ်ဦးတည်းသော မျိုးအောင်သည့်အမျိုးသမီးဖြစ်၏။ တစ်နေ့ အမြွှာမျှော်စင်၏ စင်္ကြံတွင် ရုပ်ရည်ဖြောင့်ကာ မျက်လုံးအစိမ်းရောင်ရှိသော အရာရှိတစ်ဦးနှင့် သူ(မ) ဆုံခဲ့သည်။
နောက်ပိုင်း၌ သူ့တွင် ကလေးတစ်ယောက် ရှိလာ၏။ ထိုကလေး၏မွေးဖွားမှုသည် သူ့၏အလုပ်တာဝန်များနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။
သူတို့၏အလုပ်များကြောင့် သူသည် သူ့ကလေး၏ဖခင်နှင့် မကြာခဏ မတွေ့နိုင်ခဲ့။ သူတို့သည် ရံဖန်ရံခါတွင်သာ ဆက်သွယ်ရေးစက်မှတစ်ဆင့် စကားပြောခဲ့ရ၏။
"ကျွန်မ တစ်ခါတလေ ခံစားရတယ်... နှင်းဆီမူဝါဒ ကြေညာစာတမ်းကို ကျွန်မ သစ္စာဖောက်နေတယ်လို့လေ"
သူ(မ)ကဆိုသည်။
"ဘာလို့ အဲဒီလိုထင်တာလဲ"
ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်ရှိ အသံသည် တည်ငြိမ်နေလျက်။
"ဘဝသစ်တစ်ခုကို ပျိုးထောင်ပေးနေတာပဲ မဟုတ်လား"
"ချစ်ရတဲ့သူနဲ့ ကလေးရှိတာ၊ ဒါက ကြေညာစာတမ်းမတိုင်ခင်က အမျိုးသမီးတွေပဲ ရနိုင်ခဲ့တဲ့ အခွင့်အရေးတစ်ခုလေ"