အခန်း (၈၀)
အဲဒီသာယာတဲ့ညမှာ မင်း အလျှော့ပေးလိုက်တဲ့အခါ
~ နေဝင်ဆည်းဆာ တဖြည်းဖြည်းဝင်သွားစဉ် တဒင်္ဂ ~
အင်ဂျင်သည် တဝေါဝေါမြည်သွားကာ PL1109သည် ဖြည်းဖြည်းချင်း ပျံတက်သွား၏။
တိုက်လေယာဉ်ယာဉ်စု တစ်ခုလုံးသည် ၎င်းနှင့်အတူလိုက်ပါလာကာ အခြေစိုက်စခန်း၏ လေတပ်အင်အားစုကို ဖြစ်ပေါ်စေသည်။
ကျယ်ပြောသော မြေပြန့်လွင်ပြင်ထက်တွင် သားရဲကောင်တို့သည် ဒီရေအလား အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာကြ၏။
လုဖုန်းသည် ပြတင်းပေါက်မှတစ်ဆင့် အခြေစိုက်စခန်း၏ အနောက်မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သားရဲကောင်တို့၏ အော်မြည်သံများအကြား အနီးဆုံးအသံသည် အပြင်ဘက်မှမဟုတ်ဘဲ စစ်တပ်အခြေစိုက်တည်ရှိရာ အခြေစိုက်စခန်း၏ အတွင်းထဲမှ ဖြစ်သည်ပင်။
ယခင်က လူတို့သည် တရားခုံရုံး၏ သတ်ဖြတ်နိုင်ခွင့်အား ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ ရောနှောလူဖြစ်သည်ဟု မသင်္ကာဖွယ်ရာသူများကို တပ်စခန်းသို့ ပြောင်းရွေ့ထားခဲ့ကြ၏။ ထိုအရွေ့၏ မှန်ကန်မှုနှင့်မြင့်မြတ်မှုကို လက်တွေ့ပြသရန် တရားသူကြီးဆန့်ကျင်ရေးလှုပ်ရှားမှု၏ ခေါင်းဆောင်၊ ကောလင်းသည် ဆန္ဒအလျောက်ပင် အဓိကလေ့လာသူများနှင့် စောင့်ကြပ်သူတို့ထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။
သို့ဖြစ်ရာ ပုံပျက်မှု ရောက်ရှိလာသည့်အခါ ၎င်းသည် သားရဲကောင်များ ပေါက်ပွားလာသည့် ဦးဆုံးနေရာ ဖြစ်လာခဲ့၏။ ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်မှာ အလွန်ဝေးကွာလွန်းသည့်တိုင် ယင်းသည် အသွေးနှင့်အသားတို့ လွင့်စဉ်စွန်းပေနေသော မြင်ကွင်းတစ်ခု ဖြစ်နေမည်ပင်။
သို့ပေသည့် ယင်းအား မည်သူမျှ ဂရုစိုက်မနေတော့။ လူသားများမှ သန္ဓေပြောင်းလာသော ရောနှောမျိုးစိတ်တို့သည် အားအနည်းဆုံး သားရဲကောင်များဖြစ်ကြသည်။
အကျိအချွဲတို့နှင့် ဖုံးလွှမ်းနေသည့် အမြွှာမျှော်စင်တမျှ မြင့်သော ရုပ်ဆိုးဆိုး ရေဘဝဲသားရဲကောင်တစ်ကောင် ရှိနေကာ၊ ၎င်း၏အတက်အလက်များသည် အမြွှာမျှော်စင်ကို ရစ်ပတ်ကာထား၏။ မျှော်စင်များထဲတွင် မီးအလင်းတို့သည် အရူးအမူးလင်းလိုက်ငြိမ်းလိုက် ဖြစ်နေပြီး၊ အတက်အလက်တို့သည် ဖန်သားကို ထိုးဖောက်သွားကာ ၎င်း၏ချွန်ထွက်နေသော သွားများသည် လူသားတို့အား အငမ်းမရ ဝါးမျိုနေ၏။ အော်သံတို့သည် တစ်သံပြီးတစ်သံ ထွက်ပေါ်နေကာ လေထဲမှပင် ကြားနေရသည်။