အခန်း (၂၄)
"မင်းက အသုံးမကျပေမဲ့ ကလေးတွေကိုတော့ ဂရုစိုက်နိုင်ပါတယ်"
လူသားများအဖို့ ပြောပြီးသည့်စကားကို ပြန်ရုပ်သိမ်းရန်မှာ လွန်စွာခက်ခဲ၏။
ထို့ကြောင့် အခြေအနေများသည် ဤကဲ့သို့ဖြစ်လာခဲ့သည်။
ငါးလွှာ၏ အများသုံး ရေချိုးခန်းအတွင်း အညိုရောင်သံချေးများ တစ်စွန်းတစ်စ ဖုံးအုပ်နေသည့် မျက်နှာသစ်ကန်၏ဘေး၊ ဘုံပိုင်ခေါင်းအတန်းလိုက်၏ အရှေ့တွင် အန်းကျယ်သည် လက်တစ်ဖက်နှင့် ရေတစ်ခွက်ကို ကိုင်ထားကာ၊ နောက်လက်တစ်ဖက်ထဲတွင်မူ သွားတိုက်တံရှိနေပြီး၊ ဂရုတစိုက် ဆေးကြောသန့်စင်နေ၏။ သူသည် လူသားတို့၏ အသက်ရှင်နေထိုင်သည့် အမူအကျင့်များကို နားလည်ကာ နေ့စဉ်နေ့တိုင်း သူတို့အား ။အတုခိုးသည်။ သို့သော်ငြား ယနေ့တွင်မူ ထိုသဘောထားကို ပုံမှန်ထက် ပို၍ သတိပြုနေရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဘေးတွင် ဗိုလ်မှူးရှိနေသောကြောင့်ဖြစ်၏။
ပြီးသွားသည့်အခါ သူသည် သူ၏ပစ္စည်းများအား ဂရုတစိုက် စုစည်းလိုက်ပြီး၊ လုဖုန်းကို ကြည့်လိုက်သည်။
လုဖုန်းသည် သူ၏မျက်နှာအား ရေအေးနှင့် သစ်ပြီးကာစဖြစ်ရာ ဆံပင်တို့သည် အရည်ပျော်နေသည့် နှင်းစက်ကလေးများကဲ့သို့ ကြည်စင်သော ရေစက်ရေပေါက်အချို့နှင့်အတူ စိုစွတ်နေ၏။
အန်းကျယ် တိတ်တဆိတ်ပင် သူ့အား မျက်နှာသုတ်ပဝါ ကမ်းပေးလိုက်သည်။
လုဖုန်းသည် လှမ်းယူလိုက်ကာ တိုတိုတုတ်တုတ်ပြောလာ၏။
"ကျေးဇူး"
"ရပါတယ်"
သူ လုပ်လိုက်သည်မှာ လူ့ကျင့်ဝတ်နှင့် ညီသည်ဟု အန်းကျယ် ယုံကြည်သည်။ ထိုမျှဝေခြင်းသည် လူတို့၏ သာမန်အပြုအမူသာ ဖြစ်၏။
သူသည် သူ့၏ခွက်အား လုဖုန်းကို ပေးလိုက်ကာ။
"ခင်ဗျား ဒါကိုသုံးချင်လား"
သူ မေးလိုက်သည်။
"ဒါပေမဲ့ တစ်ခုတည်းပဲရှိတယ်"