အခန်း (၃၀)
“ခင်ဗျားက အံ့ဩစရာကောင်းတယ်”
အန်းကျယ် အနည်းငယ် မျက်လွှာချလိုက်၏။ ခေါင်းအား တရားသူကြီး ထိကိုင်နေသည့် ခံစားချက်သည် အလွန်ထူးဆန်းသည်။ လက်ရှိ၌ လုဖုန်းသည် လွန်စွာနူးညံ့နေသော အခြေအနေ၌ ရှိနေသည်ဟု သူ ခံစားရသည်။
သူ၏ယခင်စကားများသည် ထိုသူ့အား နှစ်သိမ့်ပေးနိုင်ပါက သူ လွန်စွာဝမ်းသာမည်ပင်။
ထို့ကြောင့် လုဖုန်းကို သူ ပြုံးပြလိုက်သည်။
ထို့နောက် လုဖုန်း၏အကြည့်တို့ ဆိုးဝါးလာသည်ကို သူတွေ့လိုက်ရ၏။ မူလက အန်းကျယ်၏ခေါင်းကိုထိကိုင်နေသည့် လက်ချောင်းများသည် အောက်သို့ကျသွားကာ သူ့၏မျက်နှာကို ဖျစ်ညှစ်လာသည်။
ဤလူသည် မကောင်းသော စိတ်အခြေအနေ၌ ရှိနေခြင်းက ပို၍ကောင်းသည်ဟု အန်းကျယ် ခံစားမိသည်။ အနည်းဆုံးတော့ သူသည် အခြားသူများအား ကြုံသလို အနိုင်ကျင့်လိမ့်မည် မဟုတ်ပေ။
အန်းကျယ်သည် လုဖုန်းထံမှ ထွက်ပြေးကာ။
“ကျွန်တော် ဟင်းအိုးသွားကြည့်လိုက်ဦးမယ်”
“အင်း”
အန်းကျယ် မီးဖိုခန်းထဲသို့ ပြန်လာခဲ့သည်။ စွပ်ပြုတ်သည် ဆူပွက်နေကာ အမြှုပ်များ မြင့်တက်နေပြီး အဖုံးကိုပင် တွန်းကန်လုနီးနီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သည်ရက်များတွင် သူသည် အချက်အပြုတ်ပညာကို အတော်အတန် ပိုင်နိုင်နေပြီပင်။ အဖုံးကြည်ကြည်ကို သူ မလိုက်ရာ အဖြူရောင်ရေနွေးငွေ့များ ထွက်လာပြီး အမြှုပ်များသည်လည်း လျင်မြန်စွာ လျော့ကျသွားသည်။ ပွက်ပွက်ဆူနေသည့် ရေထဲတွင် ဝက်ဆားနယ်ခြောက်များသည် ကျက်နေပြီဖြစ်ကာ၊ အာလူးအတုံးလေးများသည်လည်း နူးညံ့နေပြီဖြစ်၏။ နို့ပမာဏနည်းနည်းသည် စွပ်ပြုတ်အား အနည်းငယ် ဖြူဖြစ်စေသည်။ လတ်ဆတ်လေးပင်သော အနံ့သည် မျက်နှာထက်သို့ တစ်ဟုန်ထိုး ပြေးတက်လာကာ ချိုအီမွှေးကြိုင်သည့် ပုံပေါ်၏။ အန်းကျယ် အမှန်တကယ် နှစ်သက်သဘောကျရသည့် အနံ့ဖြစ်သည်။
သူသည် ဘေးဘက်ရှိ ဇွန်းကိုယူလိုက်ကာ နူးအိစွာကျက်နေပြီဖြစ်သော အာလူးအပိုင်းလေးများကို ဇွန်းဖင်နှင့် ဖိချေလိုက်သည်။ သူ့၏မွှေကြိတ်နေမှုအောက်တွင် အာလူးအပိုင်းလေးများသည် စွပ်ပြုတ်ထဲ၌ တဖြည်းဖြည်း ပျော်ဝင်လာကာ အာလူးစွပ်ပြုတ်အိုးသည် ပကတိမျက်စိနှင့်ပင် ပိုမိုပျစ်နှစ်လာတော့လေသည်။