အခန်း (၇၄)
သို့သော် လုဖုန်းသည် သူ့၏အိပ်မက်များထဲတွင် ပိုကာပို၍ မကြာမကြာ ပေါ်လာသည်
အေးချမ်းသော အိပ်မက်တစ်ခုမှ အန်းကျယ် နိုးလာသည်။
အိပ်မက်ထဲ၌ သူ့တွင် မျက်လုံးများ၊ နားများနှင့် လူသားတစ်ယောက် မြင်နိုင်သော မည်သည့်အင်္ဂါရပ်မျှ မရှိပေ။ သူသည် ပျော့ပျောင်းစိုစွတ်သော မြေကြီးထဲတွင် မြုပ်နေခဲ့သည့် ရှေးရှေးတုန်းက အချိန်များဆီသို့ ပြန်ရောက်သွားသည့်ပုံရ၏။ သို့သော် ယင်းမှာမြေကြီးမဟုတ်ဘဲ သူသည် လုဖုန်းထံမှ သိပ်မဝေးသည့်ပုံ ပေါ်၏။ သေခြင်းတရားထံသို့ နီးကပ်နေလုနီးနီး သူသည် ဗိုလ်မှူး၏ ဝင်သက်ထွက်သက်နှင့် နီးကပ်နေသည်။
မျက်လုံးတို့ကို ဖွင့်လိုက်ပြီးသည့်နောက် မီးခိုးရောင်မျက်နှာကြက်အား တွေဝေစွာ သူ စိုက်ကြည့်နေ၏။ မြောက်ဘက်အခြေစိုက်စခန်းရှိ လူတို့နှင့် ကိစ္စများအကြောင်း တွေးတောခြင်းထံမှ သူ့ကိုယ်သူ ထိန်းချုပ်ထားရန် သူ ကြိုးစားသည်။ မှတ်ဉာဏ်များ ရွေ့လျားဖြတ်သန်းနေသည်ကို သူ ခံစားမိ၏။ သူသည် ကဗျာဆရာ၊ ဆရာဝန်နှင့် ကောလင်းတို့၏ ပုံပန်းနှင့် အပြုအမူတို့ကို မေ့လုလုဖြစ်နေပြီပင်။ ထိုမြို့တော်၌ ဖြစ်ပျက်ခဲ့သမျှ အရာရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်ငြား လုဖုန်းသည်ကား သူ့၏အိပ်မက်များထဲတွင် ပို၍ပို၍ မကြာမကြာ ပေါ်လာလေသည်။
တစ်ခါတစ်ရံ သူ့၏မျက်လုံးများကို ဖွင့်လိုက်လျှင် ထိုသူသည် သူ၏အနီးတစ်ဝိုက်တွင် ရှိနေသည်ဟု ခံစားရသည်။ ပြတင်းပေါက်နံဘေး၌ တွဲလောင်းကျနေသည့် အစိမ်းရင့်ရောင် နွယ်များသည် မခြောက်သွေ့ မညှိုးနွမ်းမီကပင် ဆီးနှင်းခဲဖြူတို့နှင့် ဖုံးအုပ်နေ၏။ ၎င်းသည် တောက်ပကြည်လင်သော အရောင်တစ်ရောင်ဖြစ်လာသည်အထိ အေးခဲနေကြသည်မှာ လုဖုန်း၏မျက်လုံးတို့သည် သူ့ကို ကြည့်နေသကဲ့သို့။
ထို့နောက်တွင် ပြင်ပလောကကြီး၏ အအေးဓာတ်သည် မကြာမီ၌ပင် သူ့အား တဖန်ပြန်လည် ရစ်ပတ်သွား၏။
ပြတင်းပေါက်အပြင်ဘက်ရှိ မီးခိုးရောင်တိမ်တိုက်တို့သည် တောင်ထိပ်ပေါ်တွင် ခပ်နိမ့်နိမ့် တည်ရှိနေကြပြီး၊ တောင်ထိပ်ရှိ မာကျောသော မြေပြင်အား နှင်းပေါက်ခဲဖြူတို့က ဖုံးအုပ်ထားသည်မှာ ထင်းရှူးပွင့်များ ကဲ့သို့ပင်။ ဆောင်းရာသီ ရောက်လေပြီ။