အခန်း (၇၀)
"အနာဂတ်မှာ အိမ်ရှိလာမှာပါ"
"ငါ့ကို ပေါ်လီ ဒါမှမဟုတ် ဂျုန်း၊ မင်း ကြိုက်သလို ခေါ်လို့ရတယ်"
ပေါ်လီဂျုန်းက ဆိုသည်။ သူသည် ယဉ်ကျေးကာ ကြင်နာတတ်ပြီး သူ့၏မှိုင်းပြာပြာ မျက်လုံးများသည် သာယာညင်းပျောင်းသော သမုဒ္ဒရာကဲ့သို့ပင်။ သူသည် လူ့ယဉ်ကျေးမှု၏ အကောင်းဆုံးသောလူကြီးသူမဖြစ်၏။
အန်းကျယ် သူ့၏နာမည်ကို ပြောပြလိုက်သည်။
"မင်းက အတော်ငယ်သေးတာပဲ။ မြောက်ဘက်အခြေစိုက်စခန်းကလား"
ပေါ်လီဂျုန်းက ဆိုသည်။
အန်းကျယ် ခေါင်းညိတ်လိုက်သည်။
"ဘယ်လိုဖြစ်လို့ မင်း အခုလို ဖြစ်လာရတာလဲ"
ပေါ်လီဂျုန်းသည် မေးမြန်းရင်း အန်းကျယ်ကိုခေါ်ဆောင်ကာ အဖြူရောင် အဆောက်အဦထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားသည်။
ကြမ်းပြင်သည် လွန်စွာချောမွေ့၏။ မြင်ရသလောက် တစ်ယောက်ယောက်သည် ၎င်းအား ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ပင်။ ထန်လန်သည် ရှေ့သို့လှမ်းလိုက်ကာ ပေါ်လီ့ကိုကူညီရန် လက်ဆန့်လိုက်သည်။ သို့သော် ပေါ်လီသည် လက်ကို ဝေ့ယမ်းလိုက်သည်။
"ကျွန်တော်..."
သူ့၏မြင်ကွင်းတွင် လှိုင်းတစ်ခုပေါ်လာကာ အန်းကျယ်သည် ပတ်ပတ်လည်ကို ဖြည်းဖြည်းချင်း ဝေ့ဝဲကြည့်လိုက်၏။
အဖြူရောင်အဆောက်အဦ၏ အတွင်းဘက်သည် ခန်းမကျယ်ကြီးတစ်ခု ဖြစ်သည်။ စုစုပေါင်းသုံးထပ်ရှိသော်ငြား ထိုသုံးထပ်၏ အလယ်အပိုင်းကို သာမန်အဆောက်အဦများကဲ့သို့ အလွှာတို့ဖြင့် မခွဲခြားထားပေ။ ထိုအစား ၎င်းသည် ဟင်းလင်းပွင့်နေ၏။ ကြောင်လိမ်လှေကားတစ်ခုသည် အပေါ်ထပ်သို့ ရစ်ပတ်နွယ်တက်နေကာ ဧည့်စောင့်ခန်းမှ ကြည့်ပါက အလင်းဖောက်နိုင်သော အမိုးခုံးကို တိုက်ရိုက်မြင်နိုင်ပေသည်။ သည်အခိုက်အတန့်တွင် တချို့သတ္တဝါများသည် ဒုတိယထပ်နှင့် တတိယထပ်များတွင် စုဝေးနေကြကာ အပေါ်မှနေ၍ စူးစမ်းလိုသောမျက်လုံးတို့နှင့် သူ့ကို ကြည့်နေကြ၏။