အခန်း (၅၈)
မင်းက ငါနဲ့အတူရှိနေတာကြောင့်
"ရှပ်ရှပ်"
အသံလှိုင်းသည် လေထဲတွင် တသိမ့်သိမ့် ရိုက်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေသည့်ပုံရ၏။ ၎င်းသည် သူတို့၏နေရာကို မှတ်သားရန် မျက်လုံးများအပေါ်တွင်မဟုတ်ဘဲ အသံပေါ်၌ အမှီပြုနေခြင်းဖြစ်သည်ကို အန်းကျယ် ရုတ်တရက် သဘောပေါက်သွားသည်။
မရေမတွက်နိုင်သော ခြေထောက်များသည် လူးလွန့်လာကာ ၎င်းသည် သည်ဘက်သို့ ရွေ့လျားလာ၏။
Bang!
သေနတ်ပစ်သံသည် ညကောင်းကင်ကို လွှမ်းခြုံသွား၏။ အန်းကျယ်၏ပတ်ပတ်လည်တွင် လေများတိုက်ခတ်လာကာ လုဖုန်းသည် စိတ်ကူးကြည့်၍ မရနိုင်သော အလျင်နှင့် ကျောက်တုံးပေါ်သို့ တက်သွားကာ ပထမဆုံးပစ်ချက်ကို ပစ်ဖောက်လိုက်သည်။
တရှပ်ရှပ်မြည်သံ ရပ်တန့်သွား၏။ ၎င်း၏ခန္ဓာကိုယ်ထက်ရှိ မျက်လုံးများ ဖြည်းဖြည်းချင်း လည်သွားကာ ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့် တရှူးရှူးမြည်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ ၎င်း၏လေပြွန်သည် ပြည်တည်ဖုများနှင့် ပြည့်နှက်နေလိမ့်မည်ဟု အန်းကျယ်တွေးမိသည်။
ဒုတိယမြောက်ပစ်ချက်သည် ၎င်း၏ ညာဘက်အပေါ်မျက်လုံးကို ထိမှန်သွား၏။
တရှူးရှူးအသံများ ပိုမိုတိုးလာကာ အန်းကျယ်၏မျက်လုံးများ ရုတ်ခြည်း ကျယ်သွားသည်။
သွေး။
နီညစ်ညစ်သွေးများသည် မျက်လုံးဒဏ်ရာမှ တစ်ဟုန်ထိုး စီးကျလာသည်။ မဟုတ်၊ တစ်ဟုန်ထိုးစီးကျလာခြင်းမဟုတ် ပန်းထွက်လာခြင်းပင်။
လုဖုန်းသည် ပစ်ချက်အနည်းငယ် ပစ်ခတ်လိုက်ရာ အပေါက်သည် တဖြည်းဖြည်း ကျယ်လာကာ ပို၍ပို၍ ကြီးမားလာသည်။ သွေးနှင့်ရေတို့သည် ရေပန်းအလား ပန်းထွက်နေပြီး သားရဲကောင်၏အော်သံသည် အဆပေါင်းများစွာ တိုးချဲ့သွား၏။
အန်းကျယ် ခေါင်းမော့လိုက်ကာ လုဖုန်းကို ကြည့်လိုက်သည်။ ထိုသူ၏မျက်လုံးများ အေးစက်နေသည်ကို တွေ့လိုက်ရ၏၊ အရာအားလုံးကို မှန်းဆတွက်ချက်ထားသကဲ့သို့ပင်။