« ၅၆ »

214 39 1
                                    

အခန်း (၅၆)

တစ်ခါတစ်ရံတွင် လူတိုင်းကို သူ ကာကွယ်ချင်မိသည်

သူ့အား လုဖုန်း ပွေ့ဖက်လိုက်သည့် အခိုက်အတန့်တွင် အန်းကျယ် အပြင်းအထန် တုန်ယင်သွား၏။

နဖူးကို ထိုသူ၏ပုခုံးထက် တင်လျက် လုဖုန်းပေါ်သို့ သူ မှီလိုက်သည်။ ယခုအခိုက်အတန့်တွင် သူ့၏ခံစားချက်များကို လုံးဝ မပြောပြတတ်ပေ။ သို့သော် သူ့၏နှလုံးသားကို လက်တစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့သာ သူ ခံစားရသည်။ ပြင်းထန်လွန်းသော နာကျင်မှုက သူ့အား ဖုံးလွှမ်းသွားကာ ပူပူနွေး‌နွေးအရည်တို့သည် သူ့၏မျက်လုံးများထဲမှ သွန်ကျလာ၏။ သူငိုနေခြင်းဖြစ်သည်ကို သူ သိသည် - ထိုအရာများသည် လူသားတို့တွင်သာ ရှိနိုင်သည့် မျက်ရည်များဖြစ်သည်ကို သူ သိ၏။ သို့ပေသည့် ယင်းကို ပထမဆုံးအကြိမ်အဖြစ် သူ ခံစားရခြင်းဖြစ်သည် - သူ့၏နှလုံးသားအား အပိုင်းပိုင်းအစစအဖြစ်သို့ ဆုတ်ဖြဲခံရသည့် ထိုခံစားချက်။

အဘယ်ကြောင့် ဤကဲ့သို့ဖြစ်လာသနည်း။ အကယ်၍ ဤအရာမှာ လွန်ခဲ့သောနှစ်လ၌ ဖြစ်ပျက်ခဲ့ပြီး၊ ထိုအချိန်တွင် သူ့၏ရောနှောမျိုးစိတ်‌သက်သေခံ ပေါ်‌သွားခဲ့ပါက သူသည် အလွန်ဝမ်းနည်းကာ လုဖုန်း၏ ယုံကြည်မှုအပေါ် သစ္စာဖောက်ခဲ့သည်ဟူ၍ ခံစားနေရလိမ့်မည် မဟုတ်ဟု သူ တွေးမိသည်။

ထိုရက်များအတွင်း လုဖုန်းနှင့် တည်ဆောက်ခဲ့သည့် ခင်မင်ရင်းနှီးမှုကြောင့်သာ မဟုတ်ခဲ့ပါလျှင် လုဖုန်း၏သေနတ်နှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် သူသည် အရမ်းကြောက်ရွံ့နေမည် မဟုတ်ပေ။

ထို့အပြင် အကယ်၍ လုဖုန်းသာ သူ့ကို မ‌ပွေ့ဖက်လိုက်ပါက အရမ်းမှားသွားခဲ့ပြီဟု... သူခံစားရမည်မဟုတ်ချေ။

သို့သော် လုဖုန်းသည် အဘယ်ကြောင့် သေနတ်အားပစ်ချလိုက်သည်ကို သူ မသိ။ ထိုကဲ့သို့ ပြင်းထန်လွန်းသည့် ခံစားချက်ကို သူသည် ယခင်က တစ်ခါမျှ မခံစားဖူးရာ အခြားသောအရာများအား သူ မကိုင်တွယ်မဖြေရှင်းတတ်ပေ။

ဘာတစ်ခုကိုမျှ သူ နားမလည်သော်ငြား အချိန်အတန်ကြာအောင် သူ ငိုနေခဲ့သည်။ မျက်ရည်များ ထပ်မထွက်နိုင်တော့သည့် အချိန်တွင် သူသည် အနည်းငယ် ပင်ပန်းနေခဲ့ပြီပင်။

ရှောင်မော်ကူးWhere stories live. Discover now