အခန်း (၆၄)
ထိုရေအလျဉ်သည် တစ်ဟုန်ထိုးစီးဆင်းရန် စတင်ခဲ့ရုံမျှသာဖြစ်၏
သဲဝါတို့နှင့် ဖုံးလွှမ်းနေသော လမ်းမကြီးကို ဖြတ်ကျော်လာကာ ၎င်းသည် အနီးဝန်းကျင်သို့ ရောက်ရှိလာသည်။ မီတာရာကျော်မျှသာ ကွာဝေးတော့၏။ ၎င်း၏နူးညံ့သော ခြေများသည် လမ်းမကို ပွတ်တိုက်သွားကာ "ရှပ်..." "ရှပ်..." ဟူသောအသံကို ဖြစ်ပေါ်စေသည်။
ထိုချောမွေ့သော အဖြူရောင်အမြှေးပါးထက်တွင် မည်သည့်နား သို့မဟုတ် မည်သည့်မျက်လုံးကိုမျှ မမြင်နိုင်။ မည်သည့်အတက်အလက် သို့တည်းမဟုတ် မည်သည့်အသက်ရှူပေါက်မျှလည်း မရှိ။ ၎င်းသည် ကမ္ဘာကြီးအား မည်သည့်နည်းဖြင့် ကြည့်မြင်သနည်း။ အကြား၊ အမြင် သို့မဟုတ် အသံလှိုင်းများ(?)။ ယင်းသည် သူတို့အား မည်ကဲ့သို့ရှောင်တိမ်းသင့်သည်ကို ဆုံးဖြတ်ပေးမည်ပင်။
ရှီးပေ့သည် အထစ်ထစ်အငေါ့ငေါ့ ပြောလာ၏။
"ဘာ... ဘာလုပ်ကြမလဲ"
လုဖုန်းသည် တိတ်ဆိတ်နေသည်။ သူသည် ပြတင်းပေါက်ဆီသို့သွားကာ တွန်းဖွင့်ရန် လက်လှမ်းလိုက်၏။ ပြတင်းပေါက်သည် ခဲနေသည့်ပုံ၊ သို့တည်းမဟုတ် သံချေးတက်နေသည့်ပုံ ပေါ်သည်။ ပထမအကြိမ် တွန်းလိုက်သည့်အခါ ၎င်းသည် မရွေ့လျားသွားပေ။ သူ့၏လက်မောင်းတို့ တောင့်တင်းသွားကာ ခွန်အားစိုက်ထုတ်လိုက်၏။ ထို့နောက် ပြတင်းပေါက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ကျွိခနဲမြည်သံနှင့်အတူ တြိဂံပုံ အပေါက်ငယ်လေးတစ်ခု ပွင့်သွားတော့သည်။
အနက်ရောင် သေနတ်ပြောင်းဝသည် အပေါက်ထဲမှ ထွက်လာ၏။ သို့သော် ဗိုလ်မှူးသည် သားရဲကောင်အား ချိန်ရွယ်ထားခြင်းမဟုတ်၊ ဆန့်ကျင်ဘက်လမ်းကို ချိန်ထားခြင်းပင်။
ဆူညံသံတိုးတိုးလေးတစ်သံ ထွက်ပေါ်လာကာ - အသံတိတ်ကိရိယာကို အသုံးပြုထားခြင်းဖြစ်ပြီး - (၁၀)မီတာအဝေးမှ ကြားနိုင်မည်မဟုတ်ပေ။
ကျည်ဆန်သည် သူ့၏မြင်လွှာထက်တွင် တဒင်္ဂအရိပ်အဖြစ် ကျန်ရစ်ခဲ့ကာ နောက်အခိုက်အတန့်တွင် ၎င်းသည် နောက်လမ်းရှိ အဆောက်အဦတစ်ခု၏ ပြတင်းကို ထိမှန်သွားတော့၏။