အခန်း (၁၆)
ဤသည်မှာ လူသားမျိုးနွယ်၏ တတိယမြောက်အခြေစိုက်စခန်းဖြစ်၏
တိတ်ဆိတ်နေသော နေရာတွင် ကျင့်စန်းသည် သမ်းဝေလိုက်၏။
"ထောင်အိပ်ရာက အတော်နူးညံ့သားပဲ"
သူ့ဘေးပတ်လည်နေရာအား အန်းကျယ် ကြည့်လိုက်သည်။ နှစ်မီတာရှည်သော အချုပ်ခန်းငယ်၊ ထောင့်နေရာရှိ တစ်မီတာရှည်သော နူးညံ့သည့်ပလတ်စတစ်ဘုတ်ပြားနှင့် ဘုတ်ပြား၏အစွန်းတွင်မူ စောင်တစ်ထည်ရှိလေ၏။ ယင်းသည် အိပ်ရာဟူသည့်အရာ ဖြစ်နိုင်ပေသည်။
ထိုနေရာသို့ သူ သွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ စောင်ပါးလေးနှင့် သူ့ကိုယ်သူ ပတ်ထားကာ နံရံကိုမှီလိုက်သည်။
စင်္ကြံ၏အဆုံးတွင် ခြေသံများ ထွက်ပေါ်လာကာ စင်္ကြံရှိ မီးရောင်တို့သည် စူးရှတောက်ပလာ၏။ မြို့တော်ကာကွယ်ရေးစခန်းမှ စစ်သားများသည် အခန်းများကို စစ်ဆေးရန် ဓာတ်မီးများကို ကိုင်ဆောင်ထားကြသည်။ သူတို့ဖြတ်သွားသည့်အခါ ဘယ်ဘက်မှစစ်သားက ပြောလာ၏။
"သုံးယောက်ပိုလာတယ်။ ဘယ်သူပို့လိုက်တာလဲ"
"တရားခုံရုံး။ ဗိုလ်မှူးလုက တကယ်တော်တယ်။ အခုဆို မြို့တော်ကာကွယ်ရေးရုံးက တရားခုံရုံးရဲ့ ထောက်ပံ့ပို့ဆောင်ရေးအသင်းဖြစ်နေပြီ"
"တရားခုံရုံးက မြို့တော်ကာကွယ်ရေးကို အပြည့်အဝသိမ်းပိုက်ချင်နေတာ၊ ဒါရိုက်တာက တင်းခံနေတုန်းပဲ"
သူတို့သည် အချုပ်သားများ၏ မျက်နှာပေါ် မီးထိုးကြည့်ကြကာ ဘာမျှ ထပ်မပြောတော့ပေ။ တစ်ဦးပြီးတစ်ဦးကို စစ်ဆေးနေလျက်၊ သူတို့သည် အရှေ့သို့ ဆက်လက်ရွေ့လျားနေကြပြီး၊ ပြီးနောက်တွင်မူ အခြားဝင်ပေါက်သို့ တက်သွားတော့သည်။
သူတို့၏လှုပ်ရှားမှုများ ပျောက်ကွယ်သွားသည်နှင့် မြေအောက်တစ်လွှာလုံး တိတ်ဆိတ်သွားတော့၏။ အကျဥ်းသားတို့၏ အသက်ရှုသံများသာ ရှိနေပြီး လူအနည်းငယ်သာလျှင် ဖြစ်ကြောင်းကို အန်းကျယ် ခံစားမိနိုင်သည်။ ခပ်လှမ်းလှမ်းရှိ ပလတ်စတစ်ဘုတ်ပြားထက်သို့ ရေစက်များကျသည့်အသံ ထွက်ပေါ်နေကာ သူဌေးရှောင်သည် ညည်းညူလာ၏။