အခန်း (၈၂)
"သူက ဒီတိုင်း... မှိုလေးပါပဲ"
ဆက်သွယ်ရေးလမ်းကြောင်းထက်တွင် ပေါ်လီဂျုန်း၏အသံကို ကြားလိုက်၏
"တည်ငြိမ်တဲ့ကြိမ်နှုန်းက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားပြီးပြီ။ ပစ္စည်းတွေပုံပျက်မှာကို မစိုးရိမ်ပါနဲ့တော့"
"မြေအောက်အခြေစိုက်စခန်းက ရထားပြီးပါပြီ"
အော်ပရေတာသည် စိတ်လှုပ်ရှားမှုကို ဖုံးဖိထားသောအသံနှင့်ဆို၏။
"ခင်ဗျား ဘာလုပ်လိုက်လဲဆိုတာကို ကျွန်တော်မသိပေမဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်"
သတင်းတို့ ဆက်လက်ရောက်ရှိနေသည်။
"မြောက်ဘက်အခြေစိုက်စခန်းက ခုခံနေဆဲပါ"
တစ်ယောက်ယောက်သည် ဒေါက်တာကျိ၏နေရာကို ယူလိုက်သည့်ပုံရကာ လူငယ်အသံဖြစ်၏။
ထို့နောက်တွင် မြေအောက်မြို့တော် အခြေစိုက်စခန်းထံမှ သတင်းရောက်လာသည်။
"သယ်ယူပို့ဆောင်ရေးလေယာဉ် ဆင်းသက်ပါပြီ"
"မြောက်ဘက်အခြေစိုက်စခန်းရဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တည်နေရာညွှန်ပြပေးဖို့ တောင်းဆိုပါတယ်"
"ထိုးဖောက်ဖို့ စတင်နေပါပြီ"
သူတို့သည် ရေထဲက လပြည့်ဝန်းကို ဆယ်ယူနေကြဆဲပင်။
နေလုံးကြီးသည် တဖြည်းဖြည်း မြင့်တက်လာကာ တဝေါဝေါ တိုက်ခတ်နေသော လေအေးထဲတွင် ဆောင်းဥတုသူရိန်နေမင်းသည် အပူချိန် စိုးစဉ်းမျှမပါရှိဘဲ စူးရှတောက်ပနေ၏။ စမ်းသပ်ဖန်ပြွန်များတင်ထားသည့် စင်ထက်တွင် ဖန်သားတို့သည် တလက်လက် တောက်ပနေကာ ငြိမ်သက်နေသောလေထုထဲတွင် နောက်ထပ်သော နှလုံးခုန်သံတစ်သံ ရှိနေသည့်ပုံရသည်။
နေထိုင်သူများ၊ နောက်မှရောက်လာကြသူများ၊ ရောနှောလူများနှင့် စစ်တပ်အရာရှိများ - သူတို့သည် ဆက်သွယ်ရေးလမ်းကြောင်း၏ အရှေ့တွင် မတ်တပ်ရပ်နေလျက် စောင့်ဆိုင်းနေကြသည်၊ မြေအောက်မြို့တော် အခြေစိုက်စခန်း၏ ကယ်ဆယ်ရေးသတင်းကို စောင့်စားနေသည်၊ မြောက်ဘက်အခြေစိုက်စခန်း၏ အခြေအနေနှင့် ပတ်သက်သည့်သတင်းကို စောင့်ဆိုင်းနေကြ၏။ အဖွဲ့အစည်းကိုစောင့်ကြပ်သော နွယ်ပင်သည်ပင်လျှင် ပြတင်းပေါက်ကို ဖြတ်ကျော်ကာ အခွဲအဖြာတစ်ခုကို ဆန့်ထုတ်ထား၏။