အခန်း (၃၅)
လုဖုန်း၊ သည်မကောင်းတဲ့လူ
မှိန်ပျပျ အလင်းရောင်အောက်တွင် လုံးဝိုင်းကာ မှောင်မည်းနေသည့် အပေါက်ခြောက်ပေါက်သည် အင်းဆက်တို့၏ ပေါင်းစပ်မျက်လုံးများအလား သူ့ကို ကြည့်နေ၏။
မသိလိုက်ပါဘဲ အန်းကျယ်သည် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ သူ၏အနောက်ဘက်ရှိ သတ္တုစင်မြင့်နှင့် တိုက်မိသွားသည်။ သူ၏ကိုယ်ခန္ဓာသည် တဒင်္ဂမျှ ယိမ်းယိုင်သွားကာ သူ့၏လက်များကို သင်္ချိုင်းစာထက်တွင် ထောက်ထားလိုက်၏။ သင်္ချိုင်းစာထက် ရေးထိုးထားသည့် လက်ရေးမူသည် နိမ့်ချည်မြင့်ချည်ခံစားမှုကို သယ်ဆောင်လာသည်။ အဘယ်ကြောင့်နည်းဟု သူ မသိသော်ငြား လူမရှိသောနေရာတွင် သေလွန်သူတို့၏ ပြာများနှင့်အတူ ဤအေးစက်ကာ အဖော်မဲ့သော သတ္တုစားပွဲတစ်လုံးရှိနေခြင်းက သူ့အား လုံခြုံမှုကို ခံစားရစေသည်။
စိတ်သက်သာရာရကာ အန်းကျယ် သက်ပြင်းချလိုက်ပြီး၊ မဝံ့မရဲဖြင့် အရှေ့ကို လျှောက်သွားလျက် စီတန်းနေသော အပေါက်များထံသို့ ရောက်ရှိလာသည်။
ယင်းအပေါက်ခြောက်ပေါက်၏ ဝင်ပေါက်များအား တစ်ခုပြီးတစ်ခု သူ တက်ကြည့်သည့်တိုင် mycelium၏ မည်သည့်သဲလွန်စကိုမျှ သူ မတွေ့ရသေးပေ။ ၎င်းသည် အလွန်ပါးလွှာလွန်းကာ ကျိုးပဲ့သွားပြီးသည့်နောက် ပြန်ကျုံ့သွားမည်ဖြစ်သည်။ နောက်ဆုံးတွင် လေက မှုတ်ထုတ်လိုက်ရာ မည်သည့်ထောင့်၌ ကပ်သွားသည်ကို မသိနိုင်ပေ။ ထို့အပြင် ဤနေရာသည် အလွန်မှောင်မိုက်၏။
ပတ်ပတ်လည်ကို အန်းကျယ် ငေးကြောင်ကြောင် ကြည့်လိုက်သည်။ ဤဒုလုံးရှည်သဏ္ဌာန် နေရာတွင် လေးဘက်လေးတန်ရှိကာ - သူ၏အရှေ့၊ အနောက်၊ ဘယ်ဘက်နှင့် ညာဘက်တို့ဖြစ်ပြီး ပိုက်လုံးဝင်ပေါက်သည်ကား ခြောက်ပေါက်ရှိ၏။ စုစုပေါင်း (၂၄)ပေါက်ဖြစ်ကာ အားလုံးသည် မတူညီသော လမ်းကြောင်းများထံသို့ ဦးတည်နေကြသည်။ ဤနေရာသည် မြို့တော်တစ်ခုလုံး၏ လေဝင်လေထွက်စနစ်၏ ဇာစ်မြစ်ဖြစ်၏။
သူ့တွင် ရွေးချယ်စရာ နှစ်ခုရှိသည်ကို သူ သိသည်။ အရုဏ်မတက်မီ သူ၏ပြန်လမ်းကို ရှာကာ သူ့၏နေအိမ်သို့ပြန်ပြီး မနက်ဖြန်ညတွင် ထပ်ကြိုးစားရန်၊ သို့မဟုတ်... သို့မဟုတ်ပါက လုံးဝ မပြန်တော့ရန်။