အခန်း (၇၇)
"ဒါက ငါတို့ကို ဘုရားသခင် ပြချင်နေတဲ့အရာလား?"
ဥတ္တရအလင်းတန်းသည် သိသိသာသာပင် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ခွမ်း
ဖန်ကွဲသံသည် တိတ်ဆိတ်နေသောညကို ထွင်းဖောက်ဆုတ်ဖြဲလိုက်ကာ အန်းကျယ်သည် ဓာတ်ခွဲခန်းဘက်သို့ လှည့်ကြည့်လိုက်၏။
ပေါ်လီသည်လည်း ထိုနေရာရှိ ပြတင်းပေါက်ကို စိုက်ကြည့်လာသည်။
"ရမ်?"
မြူတို့သည် ပြတင်းပေါက်ဖန်တွင် တွယ်ကပ်နေကာ အထဲတွင် ဖြစ်ပျက်နေသည့်အရာအား မှုန်ဝါးဝါးဖြစ်အောင် ပြုလုပ်ထားသည်။ လူတစ်ယောက်၏ အရိပ်ကိုသာလျှင် မြင်ရ၏။
"ဆရာ?"
ရမ်၏အသံသည် ဖြစ်ခေါင့်ဖြစ်ခဲ လွန်စွာစိတ်လှုပ်ရှား တက်ကြွနေသည်။ သူသည် လက်တစ်ဖက်တည်းနှင့် တံခါးကို အရှိန်ဖြင့် ဖွင့်လိုက်ရာ ရွက်ရှင်များ ပွင့်သွားစဉ်တွင် ဝုန်းခနဲအသံကို ပြုလုပ်လာ၏။ သူ၏အသံသည် ကြည်လင်ပြတ်သားသော်ငြား တုန်ယင်မှုတစ်မျိုး ပါရှိနေသည်။
"ဖန်သားပြင်၊ ဖန်သားပြင်..."
ပေါ်လီသည် အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ဖန်သားပြင်ကြီးသည် ယခင်ကကဲ့သို့ ရှုပ်ပွနေသောပုံစံများကို ပြသနေဆဲဖြစ်၏။
သို့သည့်တိုင် ရမ်က ဆိုလာသည်။
"အခုလေးတင် - "
အန်းကျယ် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ကာ ဆိုလိုက်၏။
"ကျွန်တော် အဆင်ပြေပါတယ်"
သူ နိုးကြားလျက်ရှိသည်ကို အတည်ပြုပြီးသည့်နောက် ပေါ်လီသည် ဓာတ်ခွဲခန်းထဲသို့ ခြေလှမ်းကျဲကျဲနှင့် ဝင်သွား၏။ အန်းကျယ်သည် သွေးတစ်ငုံကို တိတ်တဆိတ် မျိုချလိုက်ကာ အနောက်မှ လိုက်ပါသွားသည်။ သူ့၏ခန္ဓာကိုယ်သည် ထူးဆန်းသောအခြေအနေတွင် ရှိနေ၍ တစ်ဖက်စွန်းထိ အားနည်းနေကာ၊ တစ်ဖက်စွန်း ထိ နာကျင်နေသည်။ သို့သော် ထိုသို့အဆုံးစွန်ထိ ရောက်ရှိနေရာ ယင်းသည် ဗလာကျင်းနေသည့်ပုံရ၏။