အခန်း (၇)
“မင်းက အန်းဇယ်မဟုတ်ဘူး”
ချက်ချင်းပင် သူ ပေါ့ပါးလာသည်မှာ လေထဲတွင် မျောလွင့်နေသည့်အလား။ ပြတင်းပေါက်မှ ဝင်လာသည့် နေရောင်ခြည်သည် ကျယ်ပြောသော ပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ စားပွဲပေါ်ရှိစာရွက်များ၊ မှတ်စုစာအုပ်များသည်ကား ကျယ်ပြန့်သော အဖြူရောင် ပြင်ကျယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
အန်းကျယ် မျက်တောင်ခတ်လိုက်သည်။ သက်သောင့်သက်သာ မရှိဟူ၍တော့ သူ မခံစားရပေ။ သို့သော် သူ၏လှုပ်ရှားမှုအလုံးစုံသည် လွန်စွာနှေးကွေးလာကာ ပုံမှန်ကဲ့သို့ မရွေ့လျားနိုင်တော့သည်ကို သူ ခံစားမိ၏။ သူ၏ကိုယ်ခန္ဓာကို သူ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ချေ။ သူသည် ပျံသန်းလျက်ရှိကာ ပြုတ်ကျလာတော့မည့်အလား။
ထို့နောက် - သူ့အရှေ့ရှိ ကမ္ဘာလောကကြီးသည် တဖြည်းဖြည်းချင်း မှောင်မိုက်လာကာ သူသည်လည်း လုံးဝသတိလစ်သွားတော့သည်။
အအေးဒဏ်ကြောင့် သူ နိုးလာသည်။ မျက်လုံးများဖွင့်ကာ သူ ထလိုက်သည့်အချိန်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ တစ်ဆက်တည်း တည်ရှိနေသော မီးခိုးရောင် အဆောက်အဦများသည် ရွှေအိုရောင် နေဝင်ဆည်းဆာတွင် နစ်မြုပ်နေပြီဖြစ်၏။ နေခြည်သည် သူ၏အပေါ်တွင်လည်း ဖြာကျနေလျက်။ သူသည် အနည်းဆုံး (၇)နာရီ၊ (၈)နာရီခန့် သတိလစ်နေခဲ့သည်။ သူ့myceliumများ၏ အဆိပ်အတောက်ဖြစ်စေမှုသည် လူများအား အိပ်ချင်လာအောင် ပြုလုပ်ခြင်းပင်ဖြစ်၏။
အခန်းတွင်းအပူချိန်ကမူ နေ့ဘက်အချိန်ထက် ညနေခင်းအချိန်က သိသိသာသာ လျော့ကျနေ၏။ အန်းကျယ် ခုတင်ထက်တွင် လှဲကာ ဂွမ်းစောင်ဖြင့် သူ့ကိုယ်သူပတ်ထားရင်း အပူချိန်ကို ပြန်ရယူသည်။ အအေးဒဏ်ကြောင့် ထုံကျဥ်နေမှုများ ပပျောက်သွားချိန်တွင် သူ တစ်ခါ ဗိုက်ဆာလာပြန်၏။
အန်းကျယ်သည် မှိုပုံစံအတိုင်း အာဟာရစုပ်ယူခြင်းကို ပို၍နှစ်သက်သည်။ သို့သည့်တိုင် လမ်းတစ်လျှောက်လုံးတွင် စိုစွတ်သောမြေကြီး၏ အစိတ်အပိုင်းငယ်လေးကိုပင် ဤအခြေစိုက်စခန်းတစ်ခုလုံး၌ သူ ရှာမတွေ့ခဲ့ချေ။ သူသည် အစာစားခြင်းကိုသာ ပြုလုပ်နိုင်၏။ လူသားများသည် အမှန်တကယ်ပင် ဒုက္ခပေးသော သတ္တဝါများဖြစ်ကြ၏။ အန်းကျယ် မျက်မှောင်ကြုတ်လိုက်သည်။