အခန်း (၅၃)
ကပ်ဘေးကြီးမဟုတ် နင်းခြေမှုတစ်ခုသာ ဖြစ်သည်
အန်းကျယ် မျက်လုံးများကို အသာမှိတ်လိုက်သည်။
ယခုပင် လူသားမျိုးနွယ်ထံသို့ မည်သည့်အရာများဖြစ်ပျက်သွားသည်ကို သူ နားလည်၏။ မိခင်များနှင့်ကလေးများ ပျောက်ဆုံးသွားခြင်းသည် ဤလူသားအခြေစိုက်စခန်းသည် ၎င်း၏အနာဂတ်အား လုံးဝဥဿုံ ဆုံးရှုံးသွားပြီဟု အဓိပ္ပါယ်ရသည်။ သည်အခြေအနေ၌ ဗိုလ်မှူး ဘာလုပ်လုပ် သူ အံ့ဩတော့မည် မဟုတ်ပေ။
- ထိုအခိုက်အတန့်၌!
"ဗိုလ်မှူး!"
ရင်းနှီးနေသော အသံတစ်သံသည် ဟောခန်းအဆုံးမှ ထွက်ပေါ်လာ၏။
ယင်းမှာ ဆရာဝန်ဖြစ်သည်။
အန်းကျယ် ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
"သူက ဧဒင်ဥယျာဉ်ကပါ။ အခု သုတေသနတစ်ခုအတွက် မီးပြတိုက်ကို ကူညီပေးနေတာပါ"
ဆရာဝန်ကဆို၏။
"အဲဒီကောင်လေးကို ကျွန်တော့်ဆီ အပ်လိုက်ပါ"
"လူတိုင်း ကူးစက်ခံထားရပြီး သူတစ်ယောက်ပဲ အသက်ရှင်နေတာ။ ဒီည နမူနာကို ယူသွားတဲ့အတွက် သူ့ကို အလိုလည်း ရှိနေသေးတယ်"
ဗိုလ်မှူး၏အသံသည် ခပ်နိမ့်နိမ့်။
"မီးပြတိုက်က သူ့ကို ကာကွယ်ပေးနေတာလား။ ခင်ဗျား ဘာသုတေသန လုပ်နေတာလဲ။ ဘာလို့ ထိတွေ့မှုမရှိဘဲနဲ့ လူတွေက ကူးစက်ခံနေရတာလဲ"
"ဒီကိစ္စက မီးပြတိုက်နဲ့ ပတ်သက်တာ၊ မပတ်သက်တာကို အသာထား၊ ခင်ဗျား သူ့ကို ကျွန်တော့်ကိုပေးမှဖြစ်မယ်။ အနည်းဆုံးတော့ ကျွန်တော် တစ်ခုခုကို ရှာတွေ့နိုင်တယ်။ ခင်ဗျား သူ့ကိုသာ သတ်လိုက်ရင် ဘာမှရတော့မှာ မဟုတ်တော့ဘူး"
ဗိုလ်မှူးသည် လှောင်ရယ်,ရယ်လိုက်၏။
"ဒါဆို ခင်ဗျားက အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်မယ်ပေါ့?"
"ဒီညအဖြစ်အပျက်တွေက မီးပြတိုက်ရဲ့ သုတေသနတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး"